ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၈

          ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့်   စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

          ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများကိုလည်းကောင်း၊ တပ်မတော်စက်ရုံ များနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများ ဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော် ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူးစသည့် စားသောက်ကုန်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏ စားသောက် ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို လည်းကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ဝမ်းသာအားရ ဝယ်ယူ အားပေးကြကြောင်းနှင့် ယခုကဲ့သို့ စားရေး အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။