ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားတို့က သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဘုရားကြီး၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဆွမ်းများ ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘုရားကြီးအား မျက်နှာတော်သစ်ရေသပ္ပါယ်ပြီး ရွှေသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားတို့က ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာသည့် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် စုစုပေါင်း ၂၀၀ ပါးတို့ကို ဆွမ်းတော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။