ခွေးရူးရောဂါတိုက်ဖျက်ရေး တက်ညီလက်ညီပါဝင်ပေး တစ်ခုတည်းသောကျန်းမာရေး
မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး ပြဿနာအသွင်သဏ္ဌာန်ဖြစ်နေသော ခွေးရူးပြန်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများအားလုံးမှ စနစ်တကျ ပါဝင်ဆောင်ရွက်သော ပြည်သူ့ကျန်းမာရေးမဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးသည်။
ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့်၊ အဓိကအားဖြင့် ခွေးမှတစ်ဆင့် လူတို့ထံကူးစက်ပြီး ရောဂါဖြစ်ပွားပြီးနောက် ပျောက်ကင်းရန် ကုသမှုပေးနိုင်ခြင်းမရှိသဖြင့် အသက်သေဆုံးရခြင်းဖြစ်သည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူတစ်ရပ်လုံးကပါ ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခွေးကိုက်ခံရသည့်လူနာများကို သီးသန့်ပိုမိုထိရောက်စွာနှင့် ဆေးအလေအလွင့်နည်းပါးစွာ ကာကွယ်ကုသမှုပေးနိုင်ရန်အတွက် ခွေးကိုက်ခံရသူ လူနာများအား ကုသမှုပေးသည့်ဌာန (Dog Bite Treatment Center) များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ ဆေးရုံကြီးတို့တွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။
ခွေးရူးပြန်ရောဂါ(Rabies)သည် ကျည်ဆန်ထိပ်ဖူးပုံရှိသည့် ရပ်ဘဒိုဗီရီဒေး (Rhabdoviridae) ခေါ် ဗိုင်းရပ်ရောဂါပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ခွေးရူးရောဂါသည် ကာကွယ်ဆေးဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကြောင့် သေဆုံးမှုကိုလျော့ပါးစေနိုင်မည်ဖြစ်သည်။
ခွေးရူးပြန်ခြင်းရောဂါပိုး ကူးစက်ထားသော ရှဉ့်၊လင်းနို့၊မြေခွေးနှင့် လေလွင့်ခွေး(စွန့်ပစ်ခံ)တွေ ကိုက်ခံရခြင်းဖြင့် ကူးစက်နိုင်သည်။
ခွေးရူးပြန်ခြင်း လက္ခဏာများစတင်ပြလာပြီး ကုသမှုမခံယူလျှင် ထိုသူသည် အသက်အန္တရာယ်စိုးရိမ်ရသည်။ ထို့ကြောင့် ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်စေရန် ကာကွယ်ဆေးထိုးနှံသင့်ပေသည်။
ခွေးရူးပြန်ဗိုင်းရပ်စဝင်ပြီး ပထမဆုံး လက္ခဏာပြရန် ပျမ်းမျှအားဖြင့် တစ်လမှ သုံးလအထိ ကြာတတ်သည်။ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ ကြာတတ်သည်။ အများဆုံးရောဂါလက္ခဏာများမှာ- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ဖြစ်သည်။
တခြားလက္ခဏာများမှာ ကိုက်ခံရသည့်နေရာမှာ နာခြင်း သို့မဟုတ် ထုံခြင်းကို သုံးရက်၊ လေးရက်ခန့် ခံစားရတတ်သည်။ ယင်းနောက် အာရုံကြောစနစ်ကို ထိခိုက်လာသည့် လက္ခဏာများဖြစ်သည့် ဂနာမငြိမ်မှုများ၊ ကြမ်းတမ်းသော အပြုအမူများနှင့် ငြိမ်သက်နေသော အမူအရာများ ပြလာတတ်သည်။ ထို့ပြင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြွက်တက်ခြင်းနှင့် အကြောသေခြင်းများလည်း ဖြစ်လာတတ်သည်။ ယင်းအခြေအနေမှာပင် ရေကြောက်ခြင်း (Hydrophobia) လည်းဖြစ်တတ်သည်။ ကံဆိုးစွာဖြင့် ခွေးရူးပြန်ခြင်းကို အချိန်မီမကုသနိုင်ခဲ့လျှင် လက္ခဏာများပြပြီး လေးရက်မြောက်နှင့် ခုနစ်ရက် မြောက်ခန့်တွင် သတိမေ့ခြင်း၊ တက်ခြင်းနှင့်နောက်ဆုံး အသက်သေဆုံးသည်အထိ ဖြစ်လာနိုင်သည်။
ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာနက အောက်ပါအချက်များကို ထုတ်ပြန်ထားသည် -
၁။ ဒဏ်ရာကိုဆပ်ပြာ ရေတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ဆေးကြောပါ။
၂။ အနာကို အရက်ပြန် သို့မဟုတ် ဘီတာဒင်းဆေးရည် ထည့်ပါ။
၃။ ခွေးရူးပြန်ရောဂါ မဖြစ်စေရန် တစ်ခုတည်းသောကာကွယ်ရန် နည်းလမ်းမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အမြန်ဆုံးနှင့် အကြိမ်ပြည့် ထိုးနှံရန်။
၄။ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ရောဂါပျံ့နှံ့မှု ပိုမိုလျင်မြန်နိုင်ပါသဖြင့် အရေးပေါ် ချက်ချင်းကုသရန် လိုအပ်သည်။
ထို့ကြောင့် ကာကွယ်ဆေးကို အချိန်မီထိုးနှံခြင်းဖြင့် ခွေးရူးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ကုသရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ကာကွယ်ဆေးထိုးရာတွင် ဆေးအဆင့်ဆင့်ထိုးရသည်။ ခွေးရူးပြန်ခြင်း ကာကွယ်ဆေး နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ချက်ချင်းအာနိသင်ပေးနိုင်သည့် Immunoglobulin ပါရှိပြီး ကိုက်ခံရသည့် ဒဏ်ရာ အနီးထိုးရသော ဆေးဖြစ်သည်။ နောက်ထပ်တစ်မျိုးမှာ အနည်းဆုံး လေးကြိမ်ထိုးရသော ၁၄ ရက်ကြာ ထိုးရသောဆေးဖြစ်သည်။
မြန်မာနိုင်ငံသည် ခွေးရူးရောဂါ ကူးစက် ဖြစ်ပွားသောနိုင်ငံတစ်ခု ဖြစ်သည့်အတွက် ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းပျောက် ကွယ်သွားအောင် ဆောင်ရွက်သွားရန် လိုအပ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကင်းစင်ရေး ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သက်ဆိုင်ရာမြို့နယ်များအလိုက် တာဝန်ရှိသူများက ခွေးရူးပြန်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခွေးများအား ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကိုပါ စီမံချက်များ ချမှတ်၍ လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချမှတ်ထားသော ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူတစ်ဦးတစ်ယောက်မျှ မရှိစေရေး (The United Against Rabies collaboration: a global catalytic platform to achieve zero human rabies deaths by 2030) ရည်မှန်းချက် ပြည့်မီစေရေးအတွက် နှီးနွှယ်အဖွဲ့အစည်းအားလုံး တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နေသော ကျန်းမာရေးစနစ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။
ခွေးရူးပြန်ရောဂါ ဖြစ်ပွားရခြင်း၏ မူလအကြောင်းရင်းခံဖြစ်သော ခွေးကိုက်ခံရခြင်းကင်းဝေးစေရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် World Organization for Animal Health (OIE) တို့၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီများမှ ခွေးများကို မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ ခွေးများကို ကာကွယ်ဆေးထိုးပေးခြင်း၊ ခွေးများကို ကိုယ်ဝန်တားဆေး ထိုးခြင်း၊ သားကြောဖြတ်ခြင်း၊ ခွေးမွေးမြူမှုနှင့် သက်ဆိုင်သည့် စည်းမျဉ်း၊ စည်းကမ်းဥပဒေသများ ချမှတ်ထုတ်ပြန်ခြင်း၊ ပြည်သူများအား အသိပညာဗဟုသုတ ဝေမျှခြင်း စသည့်လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားရန်လိုသည်။
မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် ဆုံးရှုံးမှုများ လျော့ပါးစေရန် အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက၊ မွေးမြူရေးသမားများက ဟန်ချက်ညီညီ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လူ၌ကူးစက်မှု သုည အထိ လျှော့ချနိုင်ရေးဆိုသည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်လည်း အောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်၏ (၁၇)ကြိမ်မြောက်ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့၏ဆောင်ပုဒ်ကို ခွေးရူးရောဂါ တိုက်ဖျက်ရေး၊ တက်ညီလက်ညီပါဝင်ပေး၊ တစ်ခုတည်းသောကျန်းမာရေး ဟု သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ထက်သိင်္ဂီမောင်