ဦးရေပြားပြဿနာ အဖြေရှာ
ဦးခေါင်းကို ဦးရေပြားက လွှမ်းခြုံထားပြီး ဦးရေပြားကနေ အဆီနဲ့ချွေးတွေ အမြဲထွက်လေ့ရှိပါတယ်။ ဒါကြောင့် ခေါင်းပုံမှန်မလျှော်ဖြစ်တဲ့အခါ ဦးရေပြားမှာ အဆီနဲ့ချွေးတွေစုပုံပြီး ယားယံလာတတ်ပါတယ်။ တချို့လူတွေက ဦးရေပြားအဆီပိုထွက်တတ်တာကြောင့် ဦးရေပြားမှာ အကြေးခွံတွေ စုပုံလာပြီး ဗောက်တွေဖြစ်လာပါတယ်။ ဖုန်နဲ့ အညစ်အကြေးတွေကြောင့်လည်း ဦးရေပြားကြေးထူစေပြီး ယားယံမှုကို ခံစားရစေပါတယ်။ အင်္ကျီပေါ် ဗောက်ဖတ် တွေကျနေတာကို မြင်နေရတတ်သလို ခေါင်းကုတ်တာနဲ့ လက်သည်းမှာ ကြေး တွေပါလာတတ်ပါတယ်။
ဦးရေပြားမှာ ဖုံးအုပ်ထားတဲ့အဆီကို အရေပြားအဆီကျိတ်လေးတွေကနေ ထုတ်လုပ်ပေးပြီး ဦးရေပြားချောမွတ်စေဖို့နဲ့ ရောဂါပိုးတွေ အလွယ်တကူမဝင်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဦးရေပြားခြောက်သွေ့သူတွေက အရေပြားခံနိုင်ရည်နည်းပြီး တုံ့ပြန်လွယ်တဲ့အရေပြား ဖြစ်နေတတ်ပါတယ်။ ရောဂါပိုး ပိုမိုဝင်ရောက်လွယ်တဲ့အပြင် ဦးရေပြားဆံပင်ဆံစပ်နေရာမှာ အဖြူရောင်အကြေးခွံလေးတွေနဲ့ ဗောက်တွေဖြစ်နေတတ်ပါတယ်။
အဲဒီလို ဦးရေပြားပိုင်ရှင်တွေက နေ့တိုင်းခေါင်းလျှော်တာ၊ မကြာခဏခေါင်းလျှော်တာ၊ ခေါင်းလျှော်ရည် ပြင်းပြင်းတွေ ဆက်တိုက်သုံးတာ၊ Hair Dryer ကို ဦးရေပြားနဲ့နီးကပ်စွာ သုံးတာတွေ ရှောင်သင့်ပါတယ်။ ပတ်ဝန်းကျင်လေထု ခြောက်သွေ့နေချိန် ဆိုရင် ဦးရေပြားခြောက်သွေ့တတ်တာကို သတိထားသင့်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဦးရေပြားယားယံတာမျိုးရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ဦးရေပြားသာမက မျက်နှာ၊ လည်ပင်းနဲ့ အရေပြားတို့လည်း ခြောက်သွေ့တတ်ပါတယ်။ ဒါ့ပြင် စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်အပူချိန်တက်ပြီး ဦးရေပြားယားယံလာတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကုတ်မိတာကနေအနီဖုနဲ့ တချို့ဖုလေးတွေ ဦးရေပြားမှာပေါ်လာပြီး အဖုလေးတွေက ယားယံမှုမရှိပေမယ့် စိတ်ဖိစီးမှု များချိန်မှာ အကျင့်ပါပြီးကုတ်ဖဲ့နေတတ်တယ်။ အဲဒီလိုအကျင့်ပါပြီး ကုတ်ဖဲ့တာကို ကာကွယ်လို့ရပါတယ်။
စိတ်ဖိစီးနေချိန်မှာ ခေါင်းမှန်မှန်လျှော်သင့်ပါတယ်။ ဦးရေပြားယားယံတဲ့အခါ အေးမြတဲ့ပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းတဲ့စိတ်ထားတတ်စေဖို့ သတိထားသင့်ပါတယ်။ ယားယံ တာသက်သာစေမယ့် သောက်ဆေးတွေ၊ လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။
မှိုပိုးကြောင့် အရေပြားယားယံတာလည်းရှိပါတယ်။ အရေပြားအပေါ်ယံထိခိုက်စေတဲ့ မှိုပိုးတွေက ဦးရေပြားရဲ့အရေပြားပေါ်မှာ ဒက်တွေဖြစ်လာစေပါတယ်။ ဒက်ဖြစ်ရင် ဦးရေပြားနီမြန်းတာ၊ ရောင်ရမ်းတာ၊ အကြေးခွံလေးတွေ၊ အနီကွက်လေးတွေဖြစ်ပြီး ယားယံတာတွေ ဖြစ်တတ်တယ်။ ဒက်က ကူးစက်တတ်တဲ့ အပြင် ကြောင်၊ ခွေး စတဲ့တိရစ္ဆာန်တွေကတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။ ကလေးတွေမှာပိုဖြစ်တာ တွေ့ရပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ့်အပြင် ခေါင်းလိမ်းဆီ၊ အဝတ်အစား၊ ခေါင်းရိတ်ဓား၊ အသုံးအဆောင် တွေကို သီးသန့်သုံးသင့်ပါတယ်။ လူစုလူဝေး နဲ့နေရတဲ့ အဆောင်၊ ကျောင်းတွေမှာ ဒက်ကူးစက်မှုလွယ်ကူတာကြောင့် သတိပြု သင့်ပါတယ်။
မှိုနဲ့အဆီဖတ်တွေကြောင့် အရေပြားရောင်ရမ်းမှုက ဦးရေပြားသာမက နားနောက်၊ နှာခေါင်းကြား၊ မျက်ခုံးစပ်၊ ရင်ဘတ်၊ ကျော၊ ချိုင်း၊ ဆီးခုံတွေမှာ ယားယံပြီး အနီပြင် အကြေးဖတ်လေးတွေ တွေ့ရတတ်ပါတယ်။ လူတိုင်းအရေပြားမှာရှိတဲ့ မလစ်ဇီးဇီးရားဖာဖာ (Malassezia Fur-fur) ဆိုတဲ့မှိုတစ်မျိုးက တချို့ကိုယ်ခံစွမ်းအားစနစ်ရှိသူတွေမှာ အဆီကျိတ်လေးတွေကနေ အဆီထွက်များတာ၊ တုံ့ပြန်လွယ်တာ၊ အရေပြားရောင်ရမ်းတာနဲ့ အကြေးခွံလေးတွေ ဖြစ်စေပါတယ်။ အရွယ်ရောက်ချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ပိုပြီးဆိုးတတ်ပါတယ်။ ဆောင်း ရာသီမှာ ပိုဆိုးပါတယ်။
ဗောက်ထတာနဲ့ မှိုရောဂါမဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဖြစ်စေတဲ့အကြောင်းရင်းကိုရှာပြီး ကုသရပါမယ်။ မှိုပိုးအတွက် ခေါင်းလျှော်ရည်တွေ သုံးနိုင်ပါတယ်။ ပူလွန်းတဲ့ရေနဲ့ခေါင်းလျှော်တာကိုတော့ ရှောင်ရပါမယ်။ ခေါင်းလျှော်ရည်ကို ပြောင်စင်အောင်လျှော်ရပါမယ်။ ဇင့် (Zinc) ပါတဲ့ခေါင်းလျှော်ရည်၊ ဆီလီနီယမ်ပါတဲ့ခေါင်းလျှော်ရည်၊ မှိုပျောက်ဆေးပါတဲ့ခေါင်းလျှော်ရည်တွေ သုံးနိုင်ပါတယ်။ လက်ဖက်စိမ်းပါတဲ့ ခေါင်းလျှော်ရည်က အဆီဖတ်နဲ့ဗောက်ကို သက်သာစေပါတယ်။ ကိုးတာ (Coal Tar) နဲ့ ဆလစ်ဆလစ်အက်စစ် (Salicylic Acid) ပါတဲ့ ခေါင်းလျှော်ရည်တွေလည်း သုံးနိုင်ပါတယ်။
နေလောင်တာကို ကိုယ်ခန္ဓာအရေပြားသာမက ဦးရေပြားမှာလည်း ခံစားရပါတယ်။ ဦးရေပြား နေလောင်တဲ့အခါ ဦးရေ ပြားနီရဲပြီး နာနေ၊ ယားနေတတ်ပါတယ်။
အကြေးခွံအဖတ်လေးတွေလည်း လန်လာတတ်ပါတယ်။ ဦးရေပြားကို နေလောင် ဒဏ်ကနေကာကွယ်ဖို့ နေပူထဲထွက်ရင် ဦးထုပ်၊ ထီးဆောင်းရပါမယ်။ ဦးရေပြားကို ထိခိုက်စေမယ့် သံပရာသီးနဲ့ ဦးရေပြား တုံ့ပြန်လွယ်စေမယ့် ဆံပင်သုံးပစ္စည်းတွေကို ရှောင်ရပါမယ်။
သန်းကြောင့်လည်း ဦးရေပြားရောင်ရမ်းတာ၊ ယားယံတာ၊ ဗောက်ထတာတွေဖြစ် တတ်ပါတယ်။ သန်းကြောင့် ဦးရေပြား သာမက လည်ပင်း၊ ပခုံးတို့မှာပါ အရေပြား ရောင်ရမ်းတတ်ပါတယ်။ ဆံပင်မှာ သန်းဥလေးတွေ၊ ဦးရေပြားမှာ သန်းလေး တွေကိုရှာတွေ့နိုင်ပါတယ်။ ကလေးတွေမှာ သန်းပိုပြီး တွေ့နိုင်ပါတယ်။ သန်းပျောက်စေဖို့ ခေါင်းလျှော်ရည်အသုံးပြုနိုင်သလို ဆေးရည်တွေ လိမ်းနိုင်ပါတယ်။ ခေါင်း မှန်မှန်လျှော်သင့်ပါတယ်။ ဦးခေါင်းချင်း ထိတွေ့မှုကနေ သန်းကူးစက်နိုင်ပြီး ဦးထုပ်၊ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဘီးအတူသုံးတာကြောင့်လည်း သန်းကူးစက်နိုင်လို့ သတိထားသင့်ပါတယ်။
ဦးရေပြားမှာလည်း ဝက်ခြံပေါက်နိုင်ပါတယ်။ ဦးရေပြားမှာ ဝက်ခြံပေါက်တာကို ဆံစပ်နေရာမျိုးမှာ ဝက်ခြံအနီဖုလေးတွေ တွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံ ရာသီဥတုပူပြင်းချိန်၊ ခေါင်းမှန်မှန် မလျှော်နိုင်ချိန်ဆယ်ကျော်သက်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဝက်ခြံမပေါက်အောင် ဦးရေပြားကို အလှဆီတွေလိမ်းတာ၊ Gel၊ Wax လိမ်းတာ စတာတွေရှောင်သင့်ပါတယ်။
လူတော်တော်များများမှာ ဦးရေပြားနဲ့ပတ်သက်တဲ့၊ ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာတွေ အသီးသီး ရှိတတ်ကြတယ်။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်လွယ်တာ၊ ဆံပင်ကျိုးပြတ်တာ၊ ဆံပင်ရှည်နှေးတာ စတာ တွေဖြစ်တတ်ပါတယ်။ ဗောက်ထတာ၊ သန်းထူတာက စိတ်ညစ်စရာအခြေအနေတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးအတွက် ကြီးကြီးမားမားပြဿနာတော့ မဟုတ်ပါဘူး။
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်ကျိုးကြေခြင်းက ဦးရေပြားပြဿနာတစ်ခုခုရှိနေလို့ ဖြစ်ပါတယ်။ လူအများစုကတစ်ရက်မှာ ဆံပင်အပင်ရေ ၅၀ ကနေ ၁၀၀ အထိ ဆုံးရှုံးနေကြပါတယ်။ အသက် ကြီးလာတဲ့အခါ ဆံပင်တွေတဖြည်းဖြည်း ကျဲပါးလာတယ်။ လူတိုင်းမဟုတ်ပါဘူး။ မျိုးရိုးဗီဇအရ ဆံပင်ပါးခြင်း၊ ထိပ်ပြောင် ခြင်းက ဆံပင်ပါးရခြင်းရဲ့အကြောင်းရင်း ဖြစ်တယ်။ မျိုးရိုးဗီဇပါတဲ့ အမျိုးသမီးတွေမှာ ဆံပင်ပါးတတ်ပြီး အမျိုးသားတွေဆိုရင် လုံးဝထိပ်ပြောင်သွားတတ်တယ်။ အဲဒီအခြေ အနေက ဆယ်ကျော်သက် ၂၀-၃၀ ဝန်းကျင်ကနေ စတင်နိုင်ပါတယ်။ ဟော် မုန်းတွေပြောင်းလဲမှုကြောင့် ကလေးမွေးပြီး သို့မဟုတ် နို့တိုက်ပြီး တစ်လကနေ ခြောက်လအတွင်းမှာ အမျိုးသမီးတွေ ဆံပင်ကျွတ်တတ်ပါတယ်။ ကလေးငယ်တွေမှာလည်း ဆံနုလေးတွေကျွတ်တတ် ပါတယ်။ ဆံပင်ဆိုးဆေး၊ Hair Dryer ၊ ဆံပင်ကောက်စက်၊ ဆံပင်ဖြောင့်စက်တွေလို အပူပေးစက်တွေကြောင့် ဆံသားကို ထိခိုက်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းခြင်း၊ သောက်ခြင်း၊ ဓာတ်ကင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးက ဆံပင်ကျွတ်တတ်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ခေါင်းကို အနည်းဆုံးတစ်ပတ်တစ်ခါ ပုံမှန်လျှော်သင့်ပါတယ်။ ဦးရေပြားပြဿနာတွေက ကျန်းမာရေးအတွက် ကြီးမားတဲ့ ပြဿနာမဟုတ်ပေမယ့် စိတ်ရှုပ်စရာဖြစ် တာကြောင့် သေချာအဖြေရှာကုသသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်