လောကကြီးတစ်ခုလုံးသာယာလှပရေး

လောကကြီးတစ်ခုလုံးသာယာလှပရေး

တော်သလင်းလတွင် ဘာသာရေးဆိုင်ရာပွဲတော်များမရှိသော်လည်း တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ထားကြသည်။ ဂရုဓမ္မဆိုသည်မှာ လူသားတိုင်းစောင့်ထိန်းအပ်သည့် ငါးပါးသီလကို ရည်ညွှန်းခြင်းဖြစ်သည်။ သူတစ်ပါးကိုမသတ်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာကိုမခိုးခြင်း၊ သူတစ်ပါးသားမယားကို မပြစ်မှားခြင်း၊ သူတစ်ပါးအကျိုးယုတ်အောင်လိမ်ညာမပြောခြင်း၊ မူးယစ်စေတတ်သည့် အရက်သေစာ မသောက်စားခြင်းတို့မှာ ငါးပါးသီလဖြစ်သည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းလိုက်နာကြမည် ဆိုပါက ယခုဘဝမှာရော၊ နောင်ဘဝများတွင်ပါ ကောင်းကျိုးချမ်းသာကို စံစားကြရမည်ဖြစ်သည်။ တော်သလင်းဟူသောအမည်ကိုဖွင့်ဆိုရာတွင် တော်သည် ကောင်းကင် ဟု အဓိပ္ပာယ်ရပြီး သလင်းမှာ သာယာထွန်းလင်းသည် ဟုအဓိပ္ပာယ်ရသည်။ တော်သလင်းသည်ကောင်းကင်သာယာထွန်းလင်း ပွင့်လင်းသောလဟုဖွင့်ဆိုပါသည်။

တော်သလင်းလ၏ ရာသီပန်းမှာ ရင်းမာပန်းဖြစ်သည်။ ယင်းမာ ဟုလည်း ရေးထုံးရှိသည်။ အခက် လိုက်ရွက်တံထွက်၍ တော်သလင်းလတွင် ပွင့်ခိုင်များပွင့်သော သစ်မာပင်ကြီး ဟုမြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။ ပန်းပွင့်မှာနံ့သာရောင်ဖြစ်၍ အခိုင်လိုက်ပွင့်သောရင်းမာလည်းရှိပြီး အပွင့်စိမ်းလဲ့လဲ့နှင့် ဖြူသောအရောင်ရှိသည့် ရင်းမာလည်းရှိကြောင်း သိရှိရသည်။ ထိုရင်းမာနှစ်မျိုးစလုံးသည် တော်သလင်းလတွင် ပွင့်ကြသည်။ တော်သလင်းလနှင့်ယှဉ်သော စန်းယှဉ်နက္ခတ်မှာ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်ဖြစ်သည်။ 

တော်သလင်းလသည် နေအလွန်ပူသောလဖြစ်သလို မိုးအလွန်ရွာသောလလည်းဖြစ်သည်။ နေအလွန်ပူ သည့်အတွက် တော်သလင်းနေ ပုစွန်သေ ဟုဆိုရိုးရှိသည်။ မိုးအလွန်ရွာသည့်အတွက် တော်သလင်းမိုး ကန်သင်းကျိုးဟုဆိုရိုးရှိထားသည်။

ထို့ပြင် တော်သလင်းလတွင် လေပြင်းမုန်တိုင်းကျရောက်ခြင်း မရှိဘဲ  မြစ်ရေပြင်ဝယ် ရေစီးမသန်၊ လှိုင်းမထန်ဘဲရှိနေတတ်သည်။ မြစ်ရေပြင်မှာ သင်ဖြူးခင်းထားသကဲ့သို့ ညီညာပြန့်ပြူးနေသည့်အတွက် တော်သလင်း မြစ်တွင်း သင်ဖြူးခင်းဟု ဆိုကြပါသည်။ တော်သလင်းလ၏ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ လောကသည်ပူ၏။ ကောင်းကင်၌အညစ်အကြေးကင်း၏။ ဖြူစင်၏။ အိုင်အင်းမြစ်ကမ်းတို့သည် ပေါကုန်၏။

ဟင်္သာအစရှိသောငှက်တို့ဖြင့် ပြည့်ကုန်၏ စသည်ဖြင့် ယောမင်းကြီး ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင်ဖော်ပြထားသည်။ တော်သလင်းလတွင်ခြေခင်းလက်ခင်းသာသည်။ မိုးတွေချည်းအဆက်မပြတ် ရွာနေရာမှ နေရောင်ခြည်ကိုမြင်လာရသည်။ မိုးနှင့်အတူ နွားနှင့်အတူရုန်းခဲ့ရသောလယ်သမားများ လယ်ထွန်ပျိုးနုတ်အလုပ်များပြီးစီး၍ နားနားနေနေ အပန်းဖြေကြသည့်အချိန် ဖြစ်သည်။

မကြာမီလယ်ကွင်းများတွင် ပျိုးပင်စိုက်ပင်များ ဝေေ၀ဆာဆာကြီးထွား ဖွံ့ဖြိုးလာတော့မည်။ မြကွင်း ပြင်မှာ ကောက်ပင်စိမ်းလဲ့ ယိမ်းနွဲ့နွဲ့တို့ ဟု စာဖွဲ့ရသည့်အချိန်သို့ရောက်လာတော့မည်။ ဉာဏ်ဝန်ကြီး ဦးဖြေရေးဖွဲ့ထားသည့် တော်သလင်းလဘွဲ့လေးချိုးအဆုံးပိုဒ်တွင် တောတောင်ငယ်ညိုရင့်၊ စုံတိုင်းငယ်တင့်၊ ပင်မြင့်ရင်းမာ၊ ထုံသင်းစွာနှင့်၊ မာလာရွှေခိုင်၊ အဆိုင်ဆိုင်ကို၊ ပင်တိုင်ဝေယန်၊ ဆောင်ကြီးစံတို့၊ နတ်ဟန် ကုံးသင်၊ ညှာရိုးဆင်လျက်၊ တစ်ပင်လေသာ၊ ဆောင်ရွက်ကြာနှင့်၊ သက်ရာတမ်းဆို၊ နန်းချင်းသံချိုလိမ့်မယ်၊ မယ်ညိုကြော့ငှက်မောင်လည်း၊ တောင်ယှက်ခွေ ရေယဉ်မြူးလို့၊ ထူးကြပျော်သင့် ဟူ၍ စပ်ဆိုထားသည် မှာတော်သလင်းလ၏ သဘာဝရှုခင်းကိုအထင်းသားမြင်နိုင်သည်။

ကဗျာစာဆိုများက တော်သလင်းလ၏ လှကွက်အမျိုးမျိုးကို စာဖွဲ့ကြသည်။ ကောင်းကင်မှာတိမ် များကို ကတ္တီပါရောင် နီနီခြင်းခြင်းအသွင်ဖြင့်မြင်ရသည်။ တောတောင်ဝန်းကျင်တွင် လည်ပြောက်လည်လှုပ် ပဲတောင့်ပြုတ်နှင့် ဘုတ်ဇီဝစိုး ဆိုသောငှက်တို့ လည်ချင်းယှက်ကာ ပန်းဝတ်ရည်ဝက်ရက်များကို စုပ်ယူနေကြသည်။ သဘာဝပတ်ဝန်းကျင်မှာ လွမ်းဆွတ်ပျော်ရွှင်တက်ကြွဖွယ် တွေ့ရသည်။ တော်သလင်းလသည် ကန်ရာသီဖြစ်သည်။ ထိုလတွင်တောက်ပသောကြယ်စုသည် လက်တစ်ဖက်ကား ကောက်ဆုပ်၊ လက်တစ်ဖက်ကား ဆီမီးတိုင်ကိုင်လျက် လှေစီးသော မိန်းမငယ်သဏ္ဌာန်ရှိကြောင်း မှတ်သားရသည်။

ကညာရုပ်ကိုအစွဲပြု၍ ကန်ရာသီဟုခေါ်ခြင်းဖြစ်သည်။

ရှေးမြန်မာမင်းများ လက်ထက်က လှေပွဲသဘင်ကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြကြောင်း စာပေများမှာ တွေ့ရသည်။ စိန္တကျော်သူဦးသြက ချစ်၍ခေါ်သည်၊ လိုက်တော်မူခဲ့ဟု ချစ်သူလေးကိုခေါ်ပြီး  ရတနာသိင်္ဃ ကုန်းဘောင်ရွှေပြည်ရှိ မဟာနန္ဒာကန်တော်တွင် လှေပွဲသဘင်ခင်းကျင်းပုံကို  လိုက်ကြည့်စမ်းပါဟု တိုက်တွန်းသည်။   ပန်းဖွားအနီများ ဆင်ယင်ထားသော တက်များကိုဝဲကာဝဲကာ လှေတော်သားများ အားမာန်အပြည့်ဖြင့်လှော်နေကြပုံကို သရုပ်ဖော်သည်။ ပျော်ရွှင်တက်ကြွဖွယ်ကောင်းလှသော လှေပွဲသဘင်ကို မြစ်ထဲချောင်းထဲတွင်  ရေပြည့်နေသည့်အချိန်မှာ ပုံမှန်ကျင်းပလေ့ရှိကြသည်။ လှေပြိုင်ပွဲကို တော်သလင်းလ၏ ရာသီပွဲအဖြစ် လိုက်ဖက်ဆီလျော်စွာ ကျင်းပကြသည်။

လှေပြိုင်ပွဲများကို ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်ရှုစားတော်မူလေ့ရှိပြီး လှေလှော်သားတို့အား ဆုတော်လာဘ်တော်များ ချီးမြှင့်လေ့ရှိသည်။ ပရိသတ်များကလည်း အိုးစည်ဗုံမောင်းများ တီးမှုတ်ကခုန်၍ အားပေးကြသည်။ အနှစ်ချုပ်ဆိုရသော် တော်သလင်းလသည် ပျော်ရွှင်ဖွယ်ရာများနှင့် သာယာလှပသကဲ့သို့ လူတိုင်းကိုယ်စီကလည်း ဂရုဓမ္မသီလကို ခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်းနိုင်ကြမည် ဆိုပါက လောကကြီး ထာဝစဉ်သာယာလှပနေမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။