အယ်နာဆာအသင်းက ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိ
ရီယက်၊ ဘောလုံး
ဆော်ဒီထိပ်တန်းကလပ် အယ်နာဆာအသင်းက ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ် စီရော်နယ်ဒိုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မန်ယူအသင်းနှင့် ဆက်ဆံရေး မပြေလည်မှုများ ရှိလာပြီးနောက် အသင်းနှင့်စာချုပ် ဖျက်သိမ်းပြီး လမ်းခွဲခဲ့ကာ အယ်နာဆာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၂၀၂၅ ခုနှစ်အထိစာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
စီရော်နယ်ဒိုသည် အစောပိုင်းက ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကစားသမားဘဝစတင်ခဲ့သည့် အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းတွင် ကုန်ဆုံးလိုသည့်အတွက် အယ်နာဆာအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးပါက စပို့တင်းလစ္စဘွန်းအသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အယ်နာဆာအသင်းနှင့်သာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ် ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း စီရော်နယ်ဒိုက အယ်နာဆာအသင်းအနေဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို လိုပါက မိမိအနေဖြင့် လက်ခံဆွေးနွေးသွားရန် အသင့်ရှိနေသည်ဟု ပြောကြားပြီးနောက် သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများစတင်ပြုလုပ်ခဲ့ကာ ယခုအခါ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
စီရော်နယ်ဒိုသည် ကစားသမားဘဝမှ အနားယူရန် ပြောကြားခြင်း မရှိသေးသော်လည်း အယ်နာဆာ အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးပါက ၎င်းအနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အသက် ၄၂ နှစ်ရှိနေမည်ဖြစ်သည့်အတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အယ်နာဆာအသင်းတွင်သာ ကုန်ဆုံးဖွယ်ရှိနေကြောင်း သိရသည်။
Ref;Dailymail