ဒိုင်လူကြီးတစ်ဦးကို ကြမ်းတမ်းသည့် စကားလုံးများဖြင့်ဝေဖန်ခဲ့သည့် ချယ်လ်ဆီး အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အရေးယူမှုပြုလုပ်ရန် စွဲချက်တင်
လန်ဒန်၊ ဘောလုံး
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ဒိုင်လူကြီး တစ်ဦးကို ကြမ်းတမ်းသည့်စကားလုံးများဖြင့် ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည့် ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ကို အရေးယူမှုပြုလုပ်ရန် စွဲချက်တင်ထားပြီး မကြာမီ ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရီစီဂျိမ်းစ်သည် လက်ရှိတွင် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေသော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ် (၆) အဖြစ်ကစားသည့် ချယ်လ်ဆီးအသင်းက အက်စ်တွန်ဗီလာအသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့် သည့်ပွဲစဉ်တွင် တာဝန်ကျဒိုင်လူကြီးတစ်ဦးကို ကြမ်းတမ်းသော စကားလုံးများဖြင့် ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ယခုအခါ အရေးယူမှုပြုလုပ်ရန် စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ရီစီဂျိမ်းစ်၏ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီး၏အစီရင်ခံစာ ကိုဖတ်ကြားခြင်း၊ ကာယကံရှင်ဒိုင်လူကြီးကို ခေါ်ယူမေးမြန်းခြင်း စသည်တို့ကို အသေးစိတ်စစ်ဆေးပြီး နောက် ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်မည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ထားသည့် ရီစီဂျိမ်းစ်သည် သြဂုတ် ၁၄ ရက်က ကစားသည့် လီဗာပူးအသင်းနှင့်ပွဲစဉ်တွင်ရရှိသော တံကောက် ကြောဒဏ်ရာကြောင့် အနားယူနေရပြီး မည်သည့် အချိန်တွင် ပြန်လည်ကစားနိုင်မည်ကို မသိရှိရသေးကြောင်း သိရသည်။
Ref;B/R Football