အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်း ၁၆ သင်းအဆင့်ဖြင့်သာကျေနပ်ခဲ့ရ

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်း ၁၆ သင်းအဆင့်ဖြင့်သာကျေနပ်ခဲ့ရ

နေပြည်တော်  စက်တင်ဘာ ၂၈

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲ မှ အမျိုးသား U 24 ဘောလုံးပြိုင်ပွဲ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်နှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ကို ယနေ့ညပိုင်းတွင် ယှဉ်ပြိုင်ကစားကြရာ အမျိုးသား U 24 ရှုံးထွက်ပွဲစဉ်တွင် မြန်မာ U 24 လက်ရွေးစင်အမျိုးသားအသင်းနှင့် ဂျပန်အမျိုးသား အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဂျပန်အမျိုးသားအသင်းက ခုနစ်ဂိုးပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး ဘောလုံး ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဖိလစ်ပိုင် အသင်းက မြန်မာအသင်းကို သုံးဂိုးပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသည်။

မြန်မာအသင်းသည် အုပ်စုပွဲစဉ်တွင် တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရမှတ်လေးမှတ်ဖြင့် အုပ်စု တတိယရခဲ့ပြီး အကောင်းဆုံးအုပ်စု တတိယ လေးသင်းစာရင်းဝင်ခဲ့ကာ ၁၆ သင်းအဆင့်သို့ တက်ရောက် ခဲ့သော်လည်း အာရှအင်အားကြီး ဂျပန်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ခုနစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ (၁၉)ကြိမ်မြောက် အာရှအား ကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲမှ အမျိုးသား U 24 ဘောလုံး ပြိုင်ပွဲ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်များတွင် အရှေ့တောင်အာရှနိုင်ငံများမှ အင်ဒိုနီးရှား၊  ထိုင်း၊  မြန်မာအသင်းတို့ တက်ရောက်ခဲ့သော်လည်း ယင်းအသင်းသုံးသင်းစလုံးသည်  အာရှ အင်အားကြီး ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အလားတူ မြန်မာ အမျိုးသမီးအသင်းသည်လည်း ဖိလစ်ပိုင်အသင်းအား သုံးဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။      

ကျော်လွင်