“တော်သလင်း”

“တော်သလင်း”

 

တော်သလင်းဝေါဟာရကို ပုဂံခေတ်ကပင် ခေါ်ဝေါ်ခဲ့ကြပေသည်။ “တ်သ္လင်”၊ “တာ်သ္လင်”၊ “တာ်သလင်း”၊ “တာဝ်သ္လင်” စသည်ဖြင့် အမျိုးမျိုးရေးထိုးကြပေသည်။ (သက္ကရာဇ် ၅၉၄၊ ၅၉၈၊ ၅၉၉  ပုဂံမြို့ ရှင်ပင်ဗောဓိ တံတိုင်းကျောက်စာ) ပုဂံခေတ်မှ ပထမအင်းဝခေတ်ထိ ကျောက်စာတို့တွင် တော်သလင်းဟု ရေးလာကြ သော်လည်း  သက္ကရာဇ် ၈၈၉ ခုနှစ်နောက်ပိုင်းလောက်တွင်မူ တော်သလင်းအစား “သစ်ဆင်းလ” ဟု ရေးသားလာကြသည်ကို တွေ့ရလေသည်။ ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏလျှံသူဋ္ဌေးခန်းပျို့တွင်-

“...အခါအခါ၊ မင်္ဂလာဖြင့်၊ တကာလူဗိုလ်၊ လွန်ကြည်ညို၍၊ ဝါဆိုဝါခေါင်၊ ယဉ်ဘောင်သစ်ဆင်း၊ တော်သလင်းနှင့်၊ သီတင်းကျွတ်သော်...” ဟုလည်းကောင်း၊ သက္ကရာဇ် ၉၃၀ ခန့်တွင် ရေးဖွဲ့ခဲ့သော ရာဇဗာဟုဆို မင်းရဲကျော်စွာဧချင်းတွင်-

“ချောင်းသစ်တွင်မူ၊ သဘင်ပန်းလု၊ ခါရတုဖြင့်၊ ပျော်မှုစံခင်း၊ တော်သလင်းဟု သက်ဆင်းအခါ ပျော်ဘွယ် တာတည့်၊ ဗိုလ်ပါတွေပြီး၊ သဘင်ကြီး၌၊ မငြီးရှုရာ...” ဟူ၍လည်းကောင်း၊ သက္ကရာဇ် ၉၅၂ ထိုး  ကျောက်ဆည်မြို့၊ ရွှေသာလျောင်း ကျောက်စာတွင် “သက္ကရာဇ်သင်္ချာ၊ ကိုဝ်ရာငါဆယ်၊ စွန်သွယ်နှစ်ခု၊ ဥတုဝဿ၊ လကသက်ဆင်၊ တော်သလင်ဆန်တက်၊ ယှစ်ရက်ပိတဟူနိယ်” ဟု လည်းကောင်း တွေ့ရ လေရာ တော်သလင်းနှင့် သစ်ဆင်းဝေါဟာရ နှစ်ခုလုံးကိုပင်  တွဲသုံးလာကြလေသည်။

ကုန်းဘောင်ခေတ်နှောင်း ကိုလိုနီခေတ်အထိ သစ်ဆင်းဝေါဟာရကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာကြရာတွင်-

“...ခြောက်ဆဲ့ခြောက်ခု၊ နှစ်အစုတွင်၊ ဥတုဝဿန်၊ နံကာလွန်မှ၊ လမွန်သစ်ဆင်း၊ တော်သလင်း၏၊ လမင်းစန္ဒီ၊ မကွယ်မီဝယ်...” ဟု မန်လည်ဆရာတော်ဘုရားက သူ၏မဟာသုတကာရီ မဃဒေဝလင်္ကာ သစ်ကြီးတွင် ကျမ်းပြီးနိဂုံး[(၁၂၆၆ ခု၊ တော်သလင်းလဆုတ်(၁၄)ရက်=၇-၁၀-၁၉၀၄ (သောကြာနေ့))] ရေးသားထားသည်ကို တွေ့နိုင်လေသည်။ ထို့နောက်ပိုင်းနှင့် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် “သစ်ဆင်းလ” ဟူသောဝေါဟာရကို မတွေ့ ရတော့ပေ။

အကျဉ်းဆိုရပါက “တော်သလင်းလ” ဝေါဟာရသည် ပုဂံခေတ်၊ အင်းဝခေတ်ကပင် အသုံးတွင် ကျယ်လာသည်။

“သစ်ဆင်းလ” မှာမူကား  အင်းဝခေတ်နှောင်းမှ ပေါ်ပေါက်လာသည်။ ပေါ်ပေါက်လာသည့်တိုင် “တော်သ လင်း” ဝေါဟာရအသုံးသည် ပျောက်ကွယ်မသွားဘဲ “သစ်ဆင်း/တော်သလင်း” ဟုသာများ သောအားဖြင့်  ပူးတွဲသုံးစွဲခဲ့ကြသည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်းမူ “သစ်ဆင်းလ” ကို လုံးဝမသုံးစွဲတော့ဟု လေ့လာတွေ့ရှိရပေသည်။

သစ်ဖောင်များကို ချသောလဖြစ်၍ “သစ်ဆင်းလ” ဟုခေါ်ကြောင်း၊ တချို့ကလည်း (မုံရွေးဇေတဝန် ဆရာတော်=သမန္တစက္ခုဒီပနီ) (လှေသင်းအတွင်းဝန်ဦးခြိမ့်=ဝေါဟာရလီနတ္ထဒီပနီ) စသည့် ပုဂ္ဂိုလ်တို့ကမူ လှေပြိုင်ပွဲကိုပင် “သစ်ဆင်းလ” ဟု ယူဆကြောင်း ဖော်ပြထားပါသည်။

မြန်မာလအမည်များ ရေးသားကျမ်းပြုသူ ဆရာကြီးဦးဖိုးလတ်ကမူ “သစ်ဆင်း” ဆိုသည်မှာ သစ်ဖောင်၊ ဝါးဖောင်များ၊ စုန်ဆင်း၍ ခေါ်ဝေါ်ခြင်း မဖြစ်တန်ရာ။ ပျော်ပျော်ပါးပါးခမ်းခမ်းနားနားကျင်းပကြသော ပွဲသဘင်သာ ဖြစ်တန်ရာသည်။ ထိုပွဲကိုကျင်းပသောလဖြစ်၍ ဤလကို “သစ်ဆင်းလ” ခေါ်သည်ဟု ဆုံးဖြတ်ထားလေသည်။

“သစ်ဆင်းပွဲတော်” ကျင်းပပုံမှာ မနိမ့်လွန်း၊ မမြင့်လွန်းသော သစ်တိုင်လေးတိုင်ကို လှေနှစ်စင်းတွင် ချည်နှောင်စိုက်ထူပြီး စတုရန်းလေးတိုင်စင်ဆောက်ကာ ထိပ်တွင် ပုဆိုးနီနီမိုးထားရသည်။

ထိုလေးတိုင်စင်ပေါ်ကို လူကတက်၍ မြစ်တွင်းသို့ ခုန်ဆင်းရသည်။ ထိုခုန်ဆင်းသောသူ ရေစီးတွင် မျောပါမသွားစေရန် ရေပေါ်တွင် ပိုက်ကွန်ကို ဖြန့်ကြက်ထားရသည်။

ထိုလူသည် ရေပေါ်သို့အကျ ဘယ်ညာပက်လက်မှောက်ခုံအကျကို အကြောင်းပြု၍ မိုးလေဝသ ကောင်းမ ကောင်း အဟောထုတ် ဆုံးဖြတ်ကြသည့်ပွဲဖြစ်ပေသည်။ မုန့်ဖြူမုန့်နီများ ပူဇော်စေပြီး နတ်ဆိုင်းများ တီးကာ “သစ်ဆင်းပွဲ” ကို ကျင်းပကြလေသည်။ မိုးလေဝသကောင်းရန် ပြုလုပ်သော ပွဲဖြစ်ပေသည်။  နိုင်ငံအဝန်းဒေသ၌ ပြုလုပ်ခဲ့ကြဟန်မတူပေ။

လှေသင်းအတွင်းဝန် ဦးခြိမ့်ကမူ “သစ်ဆင်း” ဝေါဟာရ၏ ဇာစ်မြစ်ဖြစ်စဉ်ကို သုံးသပ်၍ “တချို့သော သူတို့မှာ ရှေးမင်းတို့ လှေပွဲသဘင်ပြုလုပ်သည့်ကာလ ရေပေါ်ဆယ်တောင်မှ ဆယ့်ငါးတောင်မြင့်သည့် တိုင်ထိပ်များမှ  လူတို့ခုန်ဆင်းသည်။ အောက်တွင်ပိုက်ကွန်ခံ၍  ထားသည်။  လူသေလျှင် မိုးကောင်းမည်၊ ချောင်းစီးမည်စသည် နိမိတ်ဖတ်ယူလေဟန်၊ ထိုသစ်ဆင်းပွဲကို ဟံသာဝတီ ဆင်ဖြူရှင်လက်ထက်  အမိန့်တော်နှင့် ပယ်လေဟန် မဟုတ်မမှန်လုပ်ကြံဖန်တီး၍ ပြောဆိုကြ၏။ ထိုစကားသည် သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း စသောမင်းတို့လက်ထက်မှစ၍ ရတနာသိင်္ခကုန်းဘောင် ရွှေနန်းရိုးတိုင်  ရာဇဝင် စာတမ်းမတွေ့ဘူးချေ။ သက္ကရာဇ် ၃၇၉ မှ ၁၂၀၀ တိုင် ကျောက်စာသမိုင်းများတွင်လည်း အရိပ်အမြွှက်မျှ မတွေ့ဘူးချေ” ဟု စိစစ်ပြထားသည်ကို သူ၏ ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် ဖော်ပြထားလေသည်။

ရိုးရာဓလေ့ စသည်တို့မှာခေတ်ကာလဒေသ၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်ပေါ်မြဲဖြစ်ပါသည်။ ယင်းဓလေ့ထုံးတမ်းသည် ခေတ်စနစ်နှင့် အံဝင်ခွင်ကျမဖြစ်တော့သောအခါ တိမ်မြုပ်ပျောက်ကွယ်မြဲ ဖြစ်ပေသည်။  ထိုသဘောတရားတွင် “သစ်ဆင်းသဘင်” သည်လည်း မြုပ်ကွယ်ပပျောက် သွားလေတော့ သည်။ ထို့အတူ “သစ်ဆင်းလ” ဟူသော  ဝေါဟာရသည်လည်း ယခုအချိန်တွင် ပျောက်ကွယ်ခဲ့ပေပြီ။ ပေါရာဏ(စကားဟောင်း)အနေနှင့်သာ တည်ရှိပါတော့၏။

“တော်သလင်း” ဝေါဟာရတွင် “တော်” တစ်ပုဒ်၊ “သလင်း” တစ်ပုဒ်ဖြစ်၏၊ “တော်”မှာ မြင့်မြတ်၊ အမြင့်၊ အထက်၊ ကောင်းကင်၊ မြည်ဟီးသောပုဒ်ဖြစ်၏။ “သလင်း”မှာမူ သလင်း=သာလင်း= သာယာထွန်းလင်း ခြင်း အဓိပ္ပာယ်ကို ဆောင်ပေသည်။ ထို့ကြောင့် တော်သလင်း၏ အဓိပ္ပာယ်သည် “ကောင်းကင် သာယာ ထွန်းလင်းသောလ” ဟု ဆိုလိုကြောင်းကို မြန်မာလများ ဝေါဟာရ သုတေသနဆရာကြီး ဦးဖိုးလတ်က ဖွင့်ဆိုထားပေသည်။

အမည်နှင့်လိုက်ဖက်စွာပင် အာကာသမိုးကောင်းကင်တွင် မိုးသားတိမ်လိပ်များ ကင်းစင်၍ ကြည်လင် သာယာ လျက်ရှိပေသည်။ “တော်သလင်းနေ  ပုစွန်သေ” ဆိုသကဲ့သို့ပင် ပူပြင်းသောရက်များလည်းရှိ၏။ “တော်သလင်းမိုး ကန်သင်းကျိုး” ဆိုသကဲ့သို့ ရွာပြန်လည်း  သဲကြီးမဲကြီး ဖြစ်တတ်ပြန်၏။ မည်သို့ရှိစေ လှိုင်းလေသာယာကင်းစင်မှုကို အကြောင်းပြု၍ ရှေးအခါက လှေသဘင်ပွဲကျင်းပကြ၏။ “တော်သလင်း မြစ်တွင်း  သင်ဖြူးခင်း” အချိန်တွင် လှေပြိုင်ပွဲကျင်းပကြ၏။

ဤ “တော်သလင်းလ” ၏ ရာသီစက်နှင့် နက္ခတ်များသည် ရေ၊ လှေနှင့်ဆက်စပ်ရနေပါသည်။ “ကန်” ရာသီ၏ အရုပ်ပုံမှာ လက်တစ်ဖက်က ကောက်ဆုပ်(ပန်းလည်းဟူ)၊ တစ်ဖက်မှဆီမီးတိုင်ကိုကိုင်ကာ လှေစီးနေသော မိန်းမပျိုသဏ္ဌာန်ပုံကို ပြသည်။

ထို “ကန်” ရာသီအတွင်း နက္ခတ် ၃-လုံး ရှိသည့်အနက် အလယ်နက္ခတ်ဟဿတနက္ခတ်သည် ရေကြောင်းဆိုင်ရာ ဆိပ်ကမ်း၊ ရေလှောင်ကန်၊ တူးမြောင်းများနှင့် ဆက်စပ်ကြောင်း ဇောတိ သတ္ထဝေဒ ကျမ်းများတွင် ဖွင့်ဆိုပေသည်။

ဤသည်ကိုအကြောင်းပြု၍ ရှေးမြန်မာဘုရင်တို့သည် သာယာငြိမ်သက်သော ရေပြင်တွင်ရာသီ ကြိုက်ဖြစ်သော လှေပြိုင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ကြောင်း ရှေးစာများမှ သိရပေသည်။

လှေပြိုင်ပွဲသဘင်ကို ပန်းလုသဘင်၊ ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ကြလေသည်။   ဘုရင်ကိုယ်တိုင်ကြွရောက် ချီးမြှင့်မှုကြောင့်လည်း စည်ကားလှပေ၏။ ဘုရင်လည်း မူးမတ်များ ခြံရံကာ  ပြည်ကြီးမွန်လှေတော်ကိုစီး၍ လှေပွဲသဘင်ကို ချီးမြှင့်သည်။ ပြည်ကြီးမွန်လှေဆိုသည်မှာ ဘေးနှစ်ဖက် (လက်ဝဲ လက်ယာ)တွင် ရုပ်လုံးရုပ်ကြွ ၅၀ စီက ဦးညွှတ်ဟန်၊ ဦးမှပဲ့အထိ ထုလုပ်တန်ဆာဆင်ထားသည့်  ဘုရင့်ရွှေလှေတော်ဖြစ်သည်။ 

တော်သလင်းလဆန်း ၈ ရက်(လပြည့်နေ့)၊   လပြည့်ကျော် ၈ ရက်၊ လကွယ်နေ့များ၌ ကျင်းပလေ့ရှိသည်။ လှော်ကားလှေတော်ကြီး၊ လှော်ကားတော်၊ လှော်လှေတော်၊ ခတ်လှေတော်၊ လောင်းတော်၊ ရွှေခဲ လှေတော်၊ နတ်မြားလှေ၊ ရတုံးလှေ စသည်ဖြင့် လှေအမျိုးအစားအလိုက် ပြိုင်ဆိုင်ကြရလေသည်။

“...နရိန္ဒာငယ်၊ ဣန္ဒာမန္ဓာတ်၊ သောင်းလုံးနတ်လည်း၊ ပြာသာဒ်ကယ်ရောင်မှန်၊ ပြည်ကြီးမွန်ဆက်၊ လေတွန်မြူးခံ၊ မတ်ပေါင်းရံ၍၊ ရှင်စံမွေ့လျော်၊ ရေသဘင်ပျော်ဆဲမို့၊ လှော်ပြိုင်ချင်းစုံ၊ မြစ်လုံးပဲတုန် တော့သည်” (ဉာဏ်ဝန်ကြီးဦးဖြေ)

“...မြစ်တွင်းသဘင်၊ လှေပွဲဆင်၍၊ လက်သင်လှော်ကား၊ ရွှေလှေများကို၊ ကစားလူးလာ၊ စုန်ကာ ဆန်တက်၊ ဝိုင်း၍သက်က၊ ရွှေတက်ပြိုးပြောင်၊ ပုံတောင်စည်မောင်း၊ ရေကြောင်းမြစ်လယ်၊ ပျော်ဘွယ်အံ့ချီး၊ မှုတ်တီးကြော်ငြာ၊ သည်ပွဲသာတွင်...” (ကွမ်းရေတော်ကိုင် ဦးယာ)

“...ဦးထုတ်ကာရွှေ၊ ငွေကားလက်ကျပ်၊ နီလှပ်ဝတ်စား၊ ပေးရင်းသားတို့၊ ရွှေပြားရိုးရဲ၊ ခြူးဆွဲတက်လှ၊ ချလည်းတညီ၊ ချီလည်းတညွတ်၊ သတ်လည်းညီအောင်၊ ဟန်ရေးဆောင်သည်...” စသည့် “တော်သလင်း လ” လှေပြိုင်ပွဲစာအလင်္ကာများကို ဖတ်ကြားကြည့်ပါက ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရဘိအလား ခံစားရပါ၏။

လှေလှော်ပြိုင်ပွဲနှင့် ဆက်စပ်၍ ဦးမောင်မောင်တင်၏ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် အမရပူရခေတ်၊ ရတနာပုံခေတ် ပွဲသဘင်ဆိုင်ရာများကို အသေးစိတ်သိရှိနိုင်ပါ၏။

(၁၂၄၅- တော်သလင်းလလှေပွဲသဘင်၊ သီပေါမင်းလက်ထက်) အမှန်စင်စစ် ရှေးမြန်မာမင်းတို့ ကျင်းပ သည့် လှေပြိုင်ပွဲသဘင်သည် ပျော်ပွဲရွှင်ပွဲ သက်သက်မဟုတ်မူဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် ရေတပ်အင်အားကို စမ်းသပ်လေ့ကျင့်သည်(ဝါ) ရေတပ်မတော်သားများ၏ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်မှုရှိစေရန် လေ့ကျင့်သောပွဲ ဖြစ်ပေသည်။ ယခုအခါတွင် နိုင်ငံတော်မှ လွတ်လပ်ရေးနေ့ကဲ့သို့ အထိမ်းအမှတ်ဆိုင်ရာ ကျင်းပသောနေ့များတွင် လှေလှော်ပြိုင်ပွဲသဘင်ကို အခါအားလျော်စွာ တွေ့ရပေ သည်။

ကျေးလက်ဒေသအချို့တွင် ယခုတိုင် ကျင်းပမြဲရှိပေသည်။ ရခိုင်ပြည်နယ်အနှံ့တွင်မူ အခါနေရာဒေသ အလိုက် ယခုတိုင်လှေပြိုင်ပွဲရှိမြဲ ဖြစ်သည်။ ရခိုင်တိုင်းရင်းသားတို့၏ ဗျည်း ၃၃ လုံး လှေလှော်သံချင်းမှာ စာပေသမိုင်းတွင် ထင်ရှားလှပါ၏။

“တော်သလင်းလ” ရှေးယခင်ပွဲများသည် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ်၊ တပို့တွဲ စသည့် လများကဲ့သို့ ပိဋကတ်တော်ဆိုင်ရာ၊ ဗုဒ္ဓဝင်ဆိုင်ရာနှင့် မဆက်စပ်ဘဲ သီးခြားဖြစ်ပေါ်လာသော ရာသီ သဘင်ပွဲ ဖြစ်ပေသည်။

၁၉-၅-၁၉၆၅ နှစ်မှ စတင်ဖွဲ့စည်းခဲ့သော မင်္ဂလာဗျူဟာအသင်းချုပ်မှ လူကြီးမင်းများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် ကိုက်ညီသော အခါတော်နေ့များ သတ်မှတ်ကျင်းပခဲ့ရာ ခြောက်ထပ်ကြီးဆရာတော် (၁၃၂၈- တော်သလင်းလပြည့်နေ့)၊ တောင်ပုလုဆရာတော်(၇-၇-၁၉၇၃)၊ မာဂဓီသာစည်ဆရာတော်တို့က အဆက်ဆက်လမ်းညွှန်မှုဖြင့် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်(ငါးပါးသီလအခါတော်နေ့) နေ့အဖြစ် ကျင်းပလာခဲ့ကြပေသည်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ နှစ်စဉ် ဂရုဓမ္မအခါတော်နေ့ အမေးအဖြေ အခမ်းအနားကို ရွှေတိဂုံ ရင်ပြင်တော်တွင် ကျင်းပမြဲဖြစ်ပေသည်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း မာဂဓီသာစည်ဆရာတော်၏ လမ်းညွှန်မှုဖြင့် မြန်မာပြည်ဒေသအသီးသီးတွင်လည်း ဂရုဓမ္မအခါတော်နေ့ကို ကျင်းပကြရာ တော်သလင်းလ၏ ရာသီပွဲအဖြစ် နောင်တွင် သမိုင်းတင်မည်ဖြစ်ပါသတည်း။  ။

မောင်လူမွှေး(မြန်မာမှု)