မပေါ့ဆသင့်သော နလုံးရောဂါ

မပေါ့ဆသင့်သော နလုံးရောဂါ

အရွယ်ရောက်ပြီးသူတစ်ဦး၏ နှလုံးအလေးချိန်သည် ပျမ်းမျှ ၁ ပေါင် (၁၆ အောင်စ) ခန့်လေးသည်။ လူတစ်ယောက်၏ နှလုံးအရွယ်အစားကို  သိလိုလျှင် မိမိလက်ဖဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင်၍ ကျစ်ကျစ် ဆုပ်ကိုင်လိုက်ပါ။ ယင်းအရွယ်အစားသည် မိမိ၏နှလုံး အရွယ်အစားဖြစ်သည်။ အမျိုးသမီးများ၏နှလုံးသည် အမျိုးသားများထက်   အရွယ်အစားပိုသေးပြီး  နှလုံးသွေးကြောလည်း  ပို၍သေးငယ်ကျဉ်းမြောင်းသဖြင့် အမျိုးသမီးများက နှလုံးရောဂါဖြစ်နိုင်ခြေပိုများသည်။ လူတို့တွင်  သွေးအမျိုးအစား  A၊ B၊ AB၊ O ဟူ၍ လေးမျိုးရှိရာ AB သွေးအမျိုးအစားပိုင်ရှင်က နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ၂၃ ရာခိုင်နှုန်းများပြီး B သွေးပိုင်ရှင်များက ၁၁ ရာခိုင်နှုန်း၊ A သွေးပိုင်ရှင်များက ၅ ရာခိုင်နှုန်း၊ O သွေးကမူ တခြားသွေးအမျိုး အစားများကဲ့သို့ နှလုံးရောဂါဖြစ်ပွားမှု မပြင်းထန်လှကြောင်း ကျန်းမာရေးသုတေသီများကဆိုထားသည်။

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့

ကမ္ဘာပေါ်၌ လူ ၁၀ ဦးလျှင် တစ်ဦးနှုန်းခန့်သည် Cardiovascular disease (ခေါ်)  နှလုံးသွေးကြော ရောဂါကြောင့် သေဆုံးကြရသည်။ ထို့ကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  (World Health Organization- WHO) နှင့် ကမ္ဘာ့နှလုံးအဖွဲ့ချုပ် (World Heart Federation - WHF)  တို့ပူးပေါင်း၍  သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ် စက်တင်ဘာ ၂၉ ရက် ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အဖြစ်  သတ်မှတ်ခဲ့သည်။  ထိုသို့  ကျန်းမာရေးအသိ ပညာပေးလျက်နှင့်ပင်  နှစ်စဉ်  လူပေါင်း ၁၈  ဒသမ ၆ သန်းသည် နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများကြောင့် သေဆုံးနေပြီး ယင်းအရေအတွက်သည် တစ်ကမ္ဘာလုံးသေဆုံးမှုနှုန်း၏   သုံးပုံတစ်ပုံရှိကြောင်း  ကမ္ဘာ့နှလုံးအဖွဲ့ချုပ်ကဆိုသည်။

ကမ္ဘာ့နှလုံးရောဂါနေ့ကျင်းပရခြင်း၏ အဓိကရည် ရွယ်ချက်မှာ တစ်ကမ္ဘာလုံးတွင် နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုများလျှော့ချရန်၊ အဖြစ်များသော နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတိုးရောဂါတို့ကြောင့် လေဖြတ်နိုင်သောအလားအလာကိုလျှော့ချနိုင်ရန်  စသည့်ကျန်းမာသုတဆိုင်ရာ အချက်အလက်များကို လူအများသိရှိပြီး အသိ၊ သတိ တို့ဖြင့် သိရှိနိုင်စေရန်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်ရောက်လျှင်  နှလုံးရောဂါကြောင့် လူပေါင်း ၂၃ သန်းခန့်အထိ အသေအပျောက်ဖြစ် နိုင်ကြောင်း၊ နောင်အနှစ် ၂၀ အကြာတွင် သက်ကြီး ရွယ်အိုများ၏ နှလုံးရောဂါဖြစ်နိုင်ခြေမှာ ၂ ဒသမ ၃ ဆ မြင့်တက်လာမည်ဖြစ်ပြီး နောင်အနှစ် ၄၀ ကြာလျှင် ရောဂါဖြစ်ပွားမှုနှုန်း သုံးဆခန့် မြင့်တက်လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။

နှလုံးရောဂါဆိုသည်မှာ

နှလုံးရောဂါတွင် နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောကျယ်၊ နှလုံးကြွက်သားပုပ်၊ နှလုံးအခန်း ပျက်စီး၊ နှလုံးအဆို့ရှင်ပျက်စီး၊ နှလုံးအားနည်း၊ နှလုံးရောင်၊ နှလုံးကြီး၊ နှလုံးသွေးကြောပေါက်၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း  စသည်ဖြင့်အမျိုးမျိုးရှိကြပြီး  ထိုရောဂါအားလုံးကို ခြုံငုံ၍  နှလုံးရောဂါဟုပြောလေ့ရှိသည်။

ခွဲစိတ်ကုသ၍ရသောနှလုံးရောဂါမျိုးရှိသကဲ့သို့ ခွဲစိတ် ကုသရန်မလိုအပ်ဘဲ စားဆေး၊ ထိုးဆေးများနှင့် ရေရှည် ကုသရသော နှလုံးရောဂါလည်းရှိသည်။ နှလုံးရောဂါသည်  ဆီးချို၊  သွေးတိုး၊ လေငန်းရောဂါများနှင့်ပါ ဆက်စပ်မှုရှိနေသဖြင့်  မပေါ့ဆဘဲ စနစ်တကျကုသမှု ခံယူသင့်သည်။

ထူးခြားမှုတစ်ရပ်အနေဖြင့် ဗြိတိန်နိုင်ငံ နှလုံးဖောင် ဒေးရှင်းမှ ဆေးပညာကျွမ်းကျင်ပညာရှင်များက နှလုံး ရောဂါဝေဒနာခံစားနေရသည့် လူနာလေးသန်းကျော် ပါဝင်သော စမ်းသပ်စစ်ဆေးမှု အကြိမ် ၃၀ ကို ပြန် လည်စစ်ဆေးပြီးနောက် ယခုကဲ့သို့  သတင်းထုတ်ပြန် ခဲ့သည်။  နှလုံးခုန်မမှန်သည့်ရောဂါရှိသူများတွင် နှလုံး အပေါ်ပိုင်းရှိ Atria  (ခေါ်) အခန်းများမှာ ပုံမှန်မဟုတ် ဘဲ ရံဖန်ရံခါတွင် အလွန်လျင်မြန်စွာကျဉ်းသွားလေ့ရှိပြီး  ယင်းကဲ့သို့ ကျဉ်းသွားသည့်အချိန်တွင် နှလုံးကြွက်သားမှာ  အလုပ်လုပ်နိုင်ရန်  သင့်လျော်သည့်အနေ အထားအထိ   သက်သောင့်သက်သာ မရှိခြင်းကြောင့် နှလုံး၏ အလုပ်လုပ်နိုင်စွမ်းကို လျော့ကျစေသည်။

နှလုံးခုန်မမှန်သည့် အမျိုးသမီးများတွင် အသက်သေစေနိုင်သည့် နှလုံးရောဂါဖြစ်ပွားမှုနှင့် သတိလစ်မေ့မြော မှုဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း၊ ထို့ပြင် အမျိုးသမီးများတွင် နှလုံးခုန်နှုန်းမူမမှန်မှုအတွက် သောက် သုံးရသည့်ဆေးကို တုံ့ပြန်နိုင်စွမ်းနည်းပါးပြီး အမျိုးသားများထက်  ကုသရန်အချိန်ပိုကြာကြောင်း၊  ထို့ ကြောင့် နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေသော အမျိုးသမီးများသည် အမျိုးသားများထက် သေစေလောက်သော နှလုံးရောဂါနှင့်  လေဖြတ်ခြင်းတို့  တွေ့ကြုံနိုင်ခြေ နှစ်ဆခန့်ပိုများကြောင်း သုတေသီများကဆိုသည်။

နှလုံးရောဂါလက္ခဏာများ

ဝဲဘက်လက်မောင်း မကြာခဏနာကျင်ကိုက်ခဲခြင်း၊ မေးရိုးတစ်လျှောက်နာကျင်ခြင်း (တစ်ချက်တစ်ချက် မေးရိုးအလွန်နာခြင်းကြောင့်  အိပ်မောကျနေရာမှရုတ်တရက်လန့်နိုးခြင်း)၊ ဝဲဘက်ရင်အုံအောက်တည့် တည့်တွင် သက်သောင့်သက်သာမရှိ အလိုလိုတင်း ကျပ်ပြည့်ဆို့နေသလိုခံစားရခြင်း၊   အဆုတ်ထဲတွင် အရည်များစုပုံလာခြင်းကြောင့် မကြာခဏချောင်းဆိုးခြင်း သို့မဟုတ် တရွှီရွှီမြည်၍ အသက်ရှူပြင်းခြင်း၊ နေ့စဉ်ရက်ဆက် မဆိုသလောက် ခေါင်းကိုက်၊ မူးေ၀နေခြင်း၊ ဇောချွေးပြန်ခြင်း၊ မကြာခဏဆိုသလို မောပန်း နွမ်းနယ်တတ်ပြီး  ရံဖန်ရံခါ တစ်ရက်ခန့်၊  ရံဖန်ရံခါ တစ်ပတ်တိတိ  နေ့စဉ်ရက်ဆက်မောပန်းနွမ်းနယ် လေ့ရှိခြင်း၊ မအီမလည်အော်ဂလီဆန်သလို ခံစားရ တတ်ပြီး အစားအသောက်ပျက်လာခြင်း၊ အစဦးပိုင်း တွင် ဘယ်ဘက်ရင်ခေါင်းအောင့်တတ်ပြီး တဖြည်းဖြည်း နှင့် ပခုံး၊ လက်မောင်း၊ တံတောင်ဆစ်၊ နောက်ကျော၊ လည်ပင်း၊ မေးရိုး စသည့်ဝဲဘက်တစ်ခြမ်းလုံးဖြန့်ကြက်ကာ နာကျင်လာခြင်း၊ ရံဖန်ရံခါ ရင်ဘတ်မှလွဲ၍ ကျန် နေရာများနာတတ်ပြီး   ဝေဒနာပေါ်လိုက်ပျောက်လိုက်ခံစားနေရခြင်း၊ သွေးခုန်နှုန်းမမှန်ခြင်း၊ လေကို တဝကြီးရှူရှိုက်၍မရခြင်း သို့မဟုတ် ခက်ခဲလာခြင်း၊ အမောဖောက်ပြီး ခြေဖဝါး၊ လက်ကောက်ဝတ်၊ ခြေ ထောက်၊ ရင်ဘတ်နှင့်ခေါင်းဦးရေပြားများပါမကျန် ချွေးစေးထွက်လာခြင်း၊ ရံဖန်ရံခါ စက္ကူပါးတစ်ရွက်ကို ပင် မဆုပ်ကိုင်နိုင်လောက်အောင် အားနည်းသလိုခံစား ရခြင်း၊ ခေတ္တလမ်းလျှောက်ပြီး မောပန်းသလိုခံစားရ ခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းအသက်ရှူ ရခြင်း စသည်တို့ဖြစ်သည်။

ကာကွယ်နည်းများ

မွေးရာပါနှလုံးရောဂါကိုမဆိုလိုသော်လည်း ပြုမူနေထိုင်သည့်နည်းလမ်းမမှန်ကန်မှုကြောင့် နှလုံးရောဂါ ကို ဖိတ်ခေါ်နေခြင်းမဖြစ်သင့်ပေ။  အောက်ပါနည်း လမ်းအသွယ်သွယ်တို့ကို လိုက်နာကျင့်ကြံရင်း တစ်ဖက် တစ်လမ်းမှနေ၍ နှလုံးရောဂါဖြစ်မလာအောင် ကြိုတင် ကာကွယ်နိုင်မည်ဖြစ်သည်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်က ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ဆိုးကျိုးပေးသည့်အပြင် ဆေးပညာစစ်တမ်းများအရ နှလုံးရောဂါဝေဒနာရှင်အများစုသည်     ဆေးလိပ်သောက်သုံးသူများဖြစ်ကြောင်း လေ့လာတွေ့ရှိ ရသည်။ဆေးလိပ်က  အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းရည်ကို နိမ့်ကျစေသည့်အပြင် အရေပြားများ သွေးလည်ပတ်စီးဆင်းမှုကိုပါ  နှေးကွေးလာစေသည်။  နှိုင်းယှဉ်ချက် များအရ  ဆေးလိပ်သောက်သူများသည်  ဆေးလိပ် လုံးဝမသောက်သူများထက်  နှလုံးရောဂါဝေဒနာကို ငါးနှစ်ခန့်စော၍ဖြစ်နိုင်ကြောင်း တွေ့ရသည်။

ကိုလက်စထရောချပါ

သွေးထဲရှိ   ကိုလက်စထရောများက  သွေးလွှတ်ကြောများအတွင်း အနည်ထိုင်နေကြသဖြင့် နှလုံးသွေး ကြောကျဉ်းလာကာ နှလုံးသွေးလည်ပတ်စီးဆင်းမှု နှေးကွေးလာစေသည်။  HDL (ခေါ်)  ခန္ဓာကိုယ် အတွက်ကောင်းသော သွေးတွင်းအဆီမြင့်တက်ပါက LDL  (ခေါ်)  ခန္ဓာကိုယ်အတွက်အသုံးမဝင်သည့် မကောင်းသောသွေးတွင်းအဆီဓာတ်ကို ကျသွားစေ သည်။ ထို့ကြောင့်  ကိုလက်စထရောချပေးပါ။ သွေး ၁ မီလီမီတာတွင်  HDL ပမာဏ ၆၀ မီလီဂရမ်အထိ ရောက်အောင် ထိန်းညှိပေးနိုင်ပါက နှလုံးရောဂါမဖြစ် နိုင်တော့ပေ။

ကိုယ်အလေးချိန်ထိန်းပါ

အဝလွန်ခြင်းက နှလုံးရောဂါအဖြစ်များနိုင်သည်။အဝလွန်သောခန္ဓာကိုယ်အတွက် နှလုံးက ပိုမိုအလုပ် လုပ်ရသည့်အတွက် နှလုံးသွေးကြောရောဂါများအပြင် သွေးတိုးနှင့် ဆီးချိုရောဂါများပါဖြစ်စေတတ်၍ အ၀ မလွန်အောင် ထိန်းသင့်သည်။

ဆီးချိုပမာဏမတက်ပါစေနှင့်

ဆီးချိုရောဂါရှိသူများသည် ဆီးချိုရောဂါမရှိသူများ ထက် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ သုံးဆမျှ ပိုများသည်။  အထူးသဖြင့်  ဆီးချိုရောဂါအမှတ်-၂ က  နှလုံးရောဂါနှင့်အတူ  လေဖြတ်ခြင်းကိုဖြစ်စေသည်။ ဆီးချိုပမာဏတက်မလာအောင် အချိုလျှော့ စားရင်း ကိုယ်အလေးချိန်လျော့ကျနည်း လေ့ကျင့်ခန်း များဖြင့်  သက်ရှည်ကျန်းမာအောင် ဆင်ခြင်ရမည်ဖြစ်သည်။

စိတ်ဖိစီးမှုနည်းအောင်နေပါ

 စိတ်ဖိစီးမှုများခြင်းက နှလုံးကိုထိခိုက်စေသည့် အပြင် ကိုလက်စထရောမြင့်တက်လာစေသည်။ ထို့ပြင် သွေးတိုးစေသဖြင့်   အချိန်ကြာလာသည်နှင့်အမျှ အသက်တိုစေသည်။ စိတ်ဖိစီးမှုကြောင့် အရက်၊ ဆေး လိပ်ဖြင့် လွဲမှားစွာစိတ်ဖြေခြင်းမျိုး မပြုလုပ်သင့်ပေ။ အလုပ်ထဲတွင် စိတ်ဖိစီးမှုများသူများ ခဏမျှလမ်းထ လျှောက်ပေးခြင်းဖြင့် စိတ်သက်သာမှုရစေနိုင်သည်။

Aspirin ဆေးဝါးမှီဝဲပါ

နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအတွက် ၈၁ ဂရမ်ရှိသော Aspirin ဆေးကို နေ့စဉ်သောက်သုံးပေး ခြင်းဖြင့် နှလုံးသွေးကြောအတွင်း အနည်ကျပိတ်ဆို့ ခြင်းမဖြစ်စေဘဲ နှလုံးရောဂါသိသိသာသာသက်သာလာ စေသည်။ သို့သော် တချို့သူများတွင် Aspirin ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများရှိနိုင်၍ နားလည်တတ် ကျွမ်းသောဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့် သည်။

သွေးမတိုးပါစေနှင့်

လေ့လာဆန်းစစ်ချက်များအရ   သွေးတိုးရောဂါ ဖြစ်ပွားသူ၏ ၃ ရာခိုင်နှုန်းခန့်သည် နှလုံးရောဂါပါတွဲ၍ ဖြစ်ပွားလေ့ရှိသည်။ သွေးမတိုးစေရန် ဆား(အငန်)လျှော့စားပြီး အိပ်ရေး၀၀အိပ်ရန်နှင့် ဒေါသမထွက်စေ ရန် အထူးလိုအပ်သည်။ သွေးပေါင်ချိန်တိုင်းခြင်းဖြင့် နှလုံးခုန်နှုန်းကိုပါ တစ်ပါတည်းသိရှိနိုင်ပြီး သွေးပေါင် ချိန်မြင့်တက်လာပါက နှလုံးခုန်နှုန်းပါ မြင့်တက်လာ လေ့ရှိသည်။ ထို့ကြောင့် သင့်နှလုံးကို ကာကွယ်သည့် အနေဖြင့် သွေးပေါင်ချိန်မတက်အောင် ထိန်းသိမ်းပါ။

အချုပ်အားဖြင့်ဆိုသော်  WHO ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ နှလုံးခုန်နှုန်းမမှန်သောရောဂါမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင် အဖြစ်များနေသော်လည်း  လေးဖက်နာရောဂါရှိသူ  လူငယ်များလည်း  နှလုံးရောဂါအဖြစ်များနေကြောင်း သိရသည်။ ဆန်းစစ်ချက်များအရ အသက် ၇၀ မှ ၈၀  နှင့်အထက်အသက်အရွယ်များတွင်  နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေသည်   အမြင့်ဆုံးဖြစ်လာမည်ဖြစ်ပြီး  အမျိုးသမီးများတွင် အများဆုံးဖြစ်ပွားနိုင်ကြောင်း   တွေ့ရှိထားသည်။ သုတေသနရလဒ်များအရ လူတစ်ဦး မှတစ်ဦးသို့     မကူးစက်နိုင်သောနာတာရှည်နှလုံး ရောဂါသည် ကိုဗစ်- ၁၉ ရောဂါကာလတွင် အသက် ဘေးကို ခြိမ်းခြောက်နိုင်ကြောင်း၊ ထို့ကြောင့် နှလုံး ရောဂါရှိသူများနှင့်   ၎င်းင်းမိသားစုဝင်များအနေဖြင့် ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေး  အကြိမ်ရေပြည့် ထိုးနှံကာ အထူးသတိပြု၍  ကိုဗစ်-၁၉  ရောဂါစည်း ကမ်းချက်များနှင့်အညီ ကြိုတင်ကာကွယ်ပြုမူနေထိုင် သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ပေါက်ပေါက်