စွမ်းရည်ပြည့်ဝသော သမားဇာနည်များ မွေးဖွားရာမြေ

စွမ်းရည်ပြည့်ဝသော သမားဇာနည်များ မွေးဖွားရာမြေ

ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ၊ ဇီဝဆေးပညာ သုတေသနနှင့် ကျန်းမာရေး နည်းပညာ တို့ကို အခြေပြု၍ ဆေးပေးခြင်း၊ ခွဲစိတ်ခြင်းနှင့် အခြားကုသမှုနည်းလမ်းတို့ဖြင့် ထိခိုက်မှုဆိုင်ရာ၊ ရောဂါ ဗေဒဆိုင်ရာတို့ကို ဆန်းစစ်မှုနှင့် ကုသရန် အသုံးပြုလာခဲ့ကြသည်။ ဆေးပညာ၏ ဖခင်ကြီးဖြစ်သော  “ဟစ်ပိုကရေးတီး (Hippocrates) က ဆရာဝန်များလိုက်နာရန် ကျင့်ဝတ်နှင့် ကျမ်းကျိန်လွှာ ဖြစ်သော ဟစ်ပိုကရေးတစ် အုတ်သ် (Hippocratic Oath) ကို စတင်မိတ်ဆက်ခဲ့သူဖြစ်ပြီး ယနေ့တိုင် ထိုကျမ်းကျိန် လွှာကို အသုံးပြု လျက်ရှိသည်။

ရှေးခေတ်ဆေးပညာ လောကတွင် ဂရိသမားတော် ဂေလင်(Galen)သည် ဦးနှောက်ခွဲစိတ်ခြင်း၊ မျက်စိခွဲစိတ်ခြင်းနှင့် အခြားသောခွဲစိတ်မှုတို့ဖြင့် ရောမခေတ်တွင် ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် နာမည်ကြီးခဲ့သည်။ ရောမခေတ်တွင် ခွဲစိတ်ကုသသူကို နတ်ဘုရားသဖွယ် အလေးအမြတ် သူကောင်းပြုခဲ့ကြသည်။ ဆေးပညာယူဆချက်များသည် အတွေ့အကြုံပေါ်တွင် အခြေခံသည့် ဆေးပညာအဖြစ် ရာစုအလိုက် အသွင်ကူးပြောင်းခဲ့ပြီး   ကမ္ဘာတစ်ဝန်းတွင် စမ်းသပ်လုပ်ဆောင်မှုနှင့်   သုတေသနလုပ်ငန်းများသည် လူသားတို့၏အသက်ကိုကယ်ဆယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် အပြိုင်အဆိုင် စမ်းသပ်ဖော်ထုတ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်ဖော်ထုတ်မှုဖြင့် ခန္ဓာကိုယ်အတွင်းနှင့် အရိုးပိုင်းဆိုင်ရာ အစားထိုးခွဲစိတ်ကုသမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သင်္ကေတ တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော် ပြသကြလေ့ရှိသည်။

နိုင်ငံတော်ကာကွယ်ရေး   စွမ်းပကားမြင့်မားမှုတွင်

အရိုးရောဂါဘာသာရပ်သည် မြန်မာ့တပ်မတော် ဆေးပညာနယ်ပယ်တွင်လည်း အရေးပါသောကဏ္ဍမှ  ရပ်တည်လျက်ရှိပြီး ဆေးပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင် ရွက်မှု အခန်းကဏ္ဍသည် အထူးအရေးပါလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မတော်သား အရိုးပါရဂူများနှင့် ချိတ်ဆက်စုစည်း၍ နိုင်ငံတကာမှ ဆေးပညာ ရှင်များနှင့် ဆက်သွယ်ကာ Continuing Medical Education တစ်ရပ်အနေဖြင့် နောက်ဆုံးပေါ် အယူအဆ နည်းပညာများ၊ နည်းစနစ်များကိုသိရှိစေမည့် နိုင်ငံတကာအဆင့် တပ်မတော် ဆေးပညာ နှီးနှောဖလှယ်ပွဲကြီးကို မကြာမီ ကျင်းပတော့မည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း  အမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲတွင်   “တိုက်ပွဲဝင်  စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ပြီး    စိတ်ဓာတ်မြင့်မားနေမှသာ နိုင်ငံတော်ကာကွယ်ရေးကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်လို့ ရဲဘော်တို့လို တပ်မတော်အရာရှိ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိတယ်ဆိုတာကို ရဲဘော်တို့ သိရှိနားလည်ထားဖို့လိုမှာဖြစ်တယ်” ဟု လမ်းညွှန်မှာကြားခဲ့သည်။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် တပ်မတော်နှင့်ပြည်သူအတွက် အရိုးပိုင်းဆိုင်ရာ အသားအစားထိုး ခွဲစိတ်ကုသမှု အဆင့်အတန်းကို    မြှင့်တင်နိုင်ခဲ့ပြီး တပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့်စွမ်းအားကို တစ်ဖက်တစ်လမ်းမှ တိုးမြှင့်လာစေရန် အထောက်အကူအဖြစ်ရည်ရွယ်၍ အားသွန်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့်မားမှုတွင် ကုသရေးပိုင်းသည် အထူး အရေးပါလျက်ရှိပြီး တပ်မတော်အရိုးရောဂါပညာဌာန၏ အရိုးရောဂါခွဲစိတ်မှု ပညာရပ်သည် အထောက် အကူပြုလျက်ရှိရာ နိုင်ငံတကာအဆင့်  အသားအစားထိုး ခွဲစိတ်မှုနယ်ပယ်သို့ တက်လှမ်း လာသော စွမ်းဆောင်ရည်ဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်ကို မြှင့်တင်ပေးလျက်ရှိသည်။

မျက်ခြည်မပြတ် လေ့လာဆည်းပူး

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ဆေးပညာရပ်ပိုင်းသာမက တပ်မတော်၏ စစ်ရေးဆိုင်ရာ၊  အုပ်ချုပ်ရေးဆိုင်ရာ၊ စည်းရုံးရေးဆိုင်ရာများကို လေ့ကျင့်ဆည်းပူး၍ အရည်အချင်းပြည့်ဝသော တပ်မတော်သားများအဖြစ် နိုင်ငံနှင့်ပြည်သူကို အလုပ်အကျွေးပြုခဲ့ကြသည်။ တပ်မတော် ဆေးဘက် ဆိုင်ရာပညာသင်ကျောင်းသည် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် လေ့ကျင့်ရေး သင်တန်းများ သင်ကြားရန် ဗဟိုဌာနကြီးသဖွယ် တည်ရှိနေပြီး အဆင့်မြင့် ဆေးပညာရပ်များဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိသည်။

တပ်မတော် ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ ဆေးမှူးအရာရှိများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် သူနာပြုသိပ္ပံဘွဲ့ရ အရာရှိများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတကာ အဆင့်မီသူနာပြု သိပ္ပံဘွဲ့သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့သည် ခေတ်မီတိုးတက်သော ကမ္ဘာ့ဆေးပညာရပ်များကို မျက်ခြည်မပြတ် လေ့လာဆည်းပူး လျက်ရှိပြီး ယနေ့ IT နည်းပညာခေတ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၏ ဆေးပညာဂုဏ်သတင်းဖြင့် ထွန်းလင်းစေလျက်ရှိသည်။

အနာဂတ်လင်းရောင်ခြည်များအဖြစ်

မြန်မာနိုင်ငံတွင် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို နိုင်ငံတကာ အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် မေလ ၅ ရက်နှင့်  ၆ ရက် တို့တွင် အရိုးရောဂါ ပညာဌာနက ဦးဆောင်ကြီးမှူး၍   ပြည်တွင်းပြည်ပမှ   ဆေးပညာရှင်များနှင့်    ပူးပေါင်းကာ “AO PRINCIPLE OF FRACTURE FIXATION BASIC COURSE” ခေါင်းစဉ်ဖြင့်  မင်္ဂလာဒုံ အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) သူရမွန်ထော်သက်ညွန့်ခန်းမ၌ အတိုင်ပင်ခံ အရိုးခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်းက ဦးဆောင်ကျင်းပခဲ့သည်။

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကိုလည်း မေလ  ၉ ရက် မှ  ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အရိုးရောဂါအထူးကုဆေးရုံကြီး  (ခုတင်-၅၀၀)တွင် ပြည်ပမှ ဆေးပညာရှင်များနှင့် ပြည်တွင်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အရပ်ဘက် ဆေးပညာရှင်များ ပူးပေါင်း၍ တပ်မတော်အရိုးရောဂါပညာဌာနက ဦးဆောင်ကျင်းပ နိုင်ခဲ့သည်။ 

အကြိမ် (၃၀)မြောက် နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်နှင့်  ၂၇ ရက်တို့ တွင် မင်္ဂလာဒုံမြို့နယ် တပ်မတော် ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာခွဲစိတ်ကုသ လေ့ကျင့်ရေးခန်းမဆောင်တွင် ပြည်တွင်း၊ ပြည်ပမှ ဆေးပညာရှင်များဖြင့်   ပထမဆုံးသော ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထု(SILENT MENTOR)ကို အသုံးပြု၍ “Flap Surgery in Combat Medical Care” ခေါင်းစဉ်ဖြင့် အသားအစားထိုး ခွဲစိတ်လေ့ကျင့် ဆွေးနွေးမှုကို တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနမှ ပါမောက္ခ/ဌာနမှူး၏ ဦးဆောင် ဦးရွက်မှုနှင့် အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ထိရောက်အောင်မြင်စွာ ကုသနိုင်မည့် ဆေးပညာရပ်များကိုရရှိစေ

အကြိမ်(၃၀)မြောက် နိုင်ငံတကာအဆင့် တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံ ဆွေးနွေးပွဲတွင် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော် ဆေး သုတေသနတပ်မှ တပ်မှူးကြီးများ၊ တပ်မတော်အရိုးရောဂါ အငြိမ်းစား  ပါမောက္ခတပ်မှူးကြီးများ၊ တပ်မတော် အရိုးရောဂါနယ်ပယ်မှ ပါရဂူကြီးများနှင့် တပ်မတော်အရိုးရောဂါ ဆရာဝန်များ၊ ဖိတ်ကြားထားသော တပ်မှူးကြီးများ၊ ဆေးတက္ကသိုလ်(၁)(၂)၊ ဆေးတက္ကသိုလ်(မန္တလေး)၊ (မကွေး)တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသားများ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာကုသမှုတွင် ထင်ရှား ကျော်ကြားသော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှားမားနှင့် တပ်မတော်မှ ပါရဂူကြီးများ    စုစုပေါင်း  ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ပြည်တွင်းပြည်ပမှ အတွေ့အကြုံရင့်ကျက်သော ပါမောက္ခကြီးများ ကိုယ်တိုင် ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထု(သက်မဲ့ခန္ဓာ)ဖြင့် ပြုပြင်အစားထိုး ခွဲစိတ်ကုသမှု နည်းစနစ်များကို လက်တွေ့သင်ကြားပေးခဲ့ရာ လူနာတို့၏ အရိုးရောဂါ ပိုင်းဆိုင်ရာ ခွဲစိတ်မှုကို အပြည့်အ၀ ကုသနိုင်မည့်အပြင် လူနာများအား အသားအစားထိုးခွဲစိတ် ကုသမှုကို ထိရောက်အောင်မြင်စွာ ကုသနိုင်မည့် ဆေးပညာရပ်များကို ရရှိစေသည်။

အိန္ဒိယနိုင်ငံ ဆေးတက္ကသိုလ်များတွင် ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထုကိုအသုံးပြု၍ လက်တွေ့ လေ့ကျင့်သင်ကြားခြင်းသည် ခန္ဓာဗေဒဆိုင်ရာ ကုသရေးပိုင်းတွင် ထိရောက်သောအကျိုးကျေးဇူးကို ရရှိစေ လျက်ရှိပြီး လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လျက်ရှိကြောင်း သိရသည်။

တပ်မတော်၏  ဆေးပညာသမိုင်းကို တစ်ခေတ်ဆန်းသစ်စေ

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် အရိုးရောဂါအသားအစားထိုးခွဲစိတ်ကုသမှုတွင် စွမ်းဆောင်ရည် မြင့်မားလာမှုကို ပြသနိုင်ခဲ့ပြီး တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနအနေဖြင့် ပထမဆုံး အကြိမ် ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုကိုအသုံးပြု၍ ပြည်ပမှဆေးပညာရှင်များဖြင့်  လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်မှုသည် တပ်မတော်နှင့် တပ်မတော်၏ ဆေးဘက်ဆိုင်ရာ မိတ်ဖက်နိုင်ငံများ၊ အရပ်ဘက်အရိုး ရောဂါနယ်ပယ်များ  စုပေါင်းအင်အား၊  စုပေါင်းစွမ်းအားဖြင့် ပူးပေါင်းစွမ်းဆောင်နိုင်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထုကို အသုံးပြု၍ ခွဲစိတ်ကုသမှုပညာရပ်များကို လေ့ကျင့်သင်ကြား နိုင်ခြင်းသည် ဆေးဘက်ဆိုင်ရာ ကျောင်းသားများနှင့် အရိုးရောဂါ ခွဲစိတ်ဆရာဝန်များ အပါအဝင် ခွဲစိတ်ပညာကို လေ့လာသူများအနေဖြင့် လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် ခွဲစိတ်ပိုင်းဆိုင်ရာ ဆေးပညာရပ်များအဖြစ် တပ်မတော်ဆေးပညာ၏သမိုင်းကို တစ်ခေတ်ဆန်းသစ် စေမည်ဖြစ်ပါသည်။

ဆေးပညာအထောက်အကူပြု  ရုပ်ဝတ္ထုများဖြင့်

ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဆေးတက္ကသိုလ်များတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းသားများအတွက် လှူဒါန်း ထားသော ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများကိုအသုံးပြု၍ လေ့ကျင့်သင်ကြားနိုင်ရန် သက်မဲ့ ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်သင်ကြားရေးစင်တာ (Soft Cadaveric Surgical Skills Training Centre) ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအချိန်တွင် မလေးရှားနိုင်ငံရှိ University of Malaysia၊ စင်ကာပူနိုင်ငံရှိ National University of Singapore နှင့် ထိုင်းနိုင်ငံရှိ Chulalongkorn University တို့တွင် SILENT MENTOR PROGRAMME ကို လုပ်ဆောင်လျက်ရှိပြီး ဂျပန်နိုင်ငံ Tokyo Medical University တွင်လည်း စဉ်ဆက်မပြတ် လေ့ကျင့် လုပ်ဆောင်လျက်ရှိသည်။ ခန္ဓာဗေဒ လေ့လာမှုနှင့် ခွဲစိတ်ကုသမှုတို့တွင် လေ့ကျင့်ဆောင်ရွက်နိုင်ရန် လှူဒါန်းထားသည့် ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများကို သက်မဲ့ဆရာများအဖြစ် အမည်ပေး ဂုဏ်ပြုထားပြီး လေ့ကျင့်ဆောင်ရွက်မှုတွင် ဆေးပညာ အထောက်အကူပြု ရုပ်ဝတ္ထုများဖြင့်  လေ့ကျင့် သင်ကြားခြင်းအစီအစဉ်ဟု ခေါ်ဆိုလေ့ ရှိသည်။

ဆေးဝန်ထမ်းတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး

အဆိုပါ လေ့ကျင့်သင်ကြားမှုတွင် ဆေးပညာဘွဲ့၊ ဆေးမဟာပညာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသား များအတွက် အဆင့်မြင့်ခွဲစိတ်လေ့ကျင့်သင်ကြားမှုတို့ကို   အလုပ်ရုံဆွေးနွေးပွဲအသွင်ဖြင့် လေ့ကျင့်သင် ကြားပေးလျက်ရှိသည်။ ဆေးတက္ကသိုလ်(မန္တလေး)တွင် ၂၀၁၆ ခုနှစ်မှ စတင်၍လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ၂၀၁၇ ခုနှစ်မှ စတင်၍လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ပြည်ပမှ ခွဲစိတ်ပညာရှင်များနှင့် ပူးပေါင်း၍ ခွဲစိတ်လေ့ကျင့်မှုတို့ကို ပုံမှန်ပြုလုပ်လျက်ရှိသည်။

တပ်မတော်ဆေးတက္ကသိုလ်တွင်လည်း သက်မဲ့ခန္ဓာအသုံးပြု  ခွဲစိတ်လေ့ကျင့် သင်ကြားရေးစင်တာကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုဖြင့် လေ့ကျင့်သင်ကြားခြင်း အစီအစဉ် ကို ဆောင်ရွက်နိုင်ပြီဖြစ်ရာ ဆေးပညာကျင့်ဝတ်နှင့်အညီ ခွဲစိတ်ကုသမှုများကို ပိုမိုလေ့ကျင့်သင်ကြား ပေးမှုဖြင့် အရည်အသွေးပိုမိုပြည့်ဝသော တပ်မတော်သမားဇာနည်များကို မွေးထုတ်ပေးလာနိုင်ပြီ ဖြစ်သည်။ သက်မဲ့ခန္ဓာများဖြင့် ခွဲစိတ်လေ့လာနိုင်ခြင်းကြောင့်  ခွဲစိတ်မှုအတွေ့အကြုံနှင့် နည်းစနစ်ပိုင်း ကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်ပြီး ဆေးပညာဖွံ့ဖြိုးတိုးတက်မှု၏ ရလဒ်တစ်ခုအဖြစ်  ဆေးဝန်ထမ်း တပ်ဖွဲ့၏  စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိသည်။

မှန်ကန်သောသဘောထားကို ချမှတ်နိုင်ရန်

ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများကိုအသုံးပြုရာတွင် ခွဲစိတ်ကုပညာ၊ အရိုးရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါကုပညာ၊ သားဖွား၊ မီးယပ်ပိုင်းဆိုင်ရာ    ပညာရပ်များကို အကျိုးရှိစွာ လေ့ကျင့်သင်ကြားနိုင်လျက်ရှိသည်။

ဘွဲ့ကြိုသင်တန်းသားများအတွက် အခြေခံခွဲစိတ်မှုများနှင့် လက်တွေ့အခြေခံ ပါရဂူသင်တန်းသားတို့ အတွက်ရည်ရွယ်၍ ခန္ဓာဗေဒဆိုင်ရာပညာရပ်များကို လက်တွေ့ခွဲစိတ်လေ့ကျင့်ရန်  ဆောင်ရွက်ထား ရှိသည်။ ဘာသာရပ်အသီးသီးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများကို အသုံးပြု၍  ခွဲစိတ်လေ့ကျင့်သင်ကြားရေးစင်တာတွင် တစ်နှစ်လျှင်  နှစ်ကြိမ်မှသုံးကြိမ် အထိပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။ 

ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထုများနှင့် ခွဲစိတ်မှုများ စမ်းသပ်ပြုလုပ်ခြင်းဖြင့် အရိုးခွဲစိတ် ဆရာဝန်များအတွက် Knowledge, Skill, Attitude စသည့် ကဏ္ဍတို့တွင် တန်ဖိုးမဖြတ် နိုင်သော တိုးတက်မှု ဖြစ်စဉ်များကို   ဖြစ်ထွန်းစေသည်။

Knowledge အပိုင်းတွင် ဆေးပညာစာပေ၌ မဖော်ပြနိုင်သော အရိုးအဆစ်၊ ကြွက်သားနှင့် အကြော ပိုင်းဆိုင်ရာ ခန္ဓာဗေဒပညာရပ်များကို မျက်ဝါးထင်ထင် တွေ့မြင်သင်ကြားနိုင်ခြင်းဖြင့် အရိုး၊ အဆစ် ပြန်လည်တည်ဆောက်ခြင်းနှင့် အသားအစားထိုးပြုပြင် ခွဲစိတ်ကုသခြင်းကဲ့သို့သော ကုသမှုပိုင်းတွင် တိကျရှုပ်ထွေးပြီး ကျွမ်းကျင်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

Knowledge  ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေး(Skills Development)ကို အထောက်အပံ့ ဖြစ်ထွန်းစေသည်။ ဆေးပညာတွင် မှန်ကန်သော သဘောထားသည် အဓိကအရေးပါလျက်ရှိပြီး ထိုသို့ မှန်ကန်သော သဘောထားကို ချမှတ်နိုင်ရန် လက်တွေ့ လေ့ကျင့်သင်ကြားမှုပိုင်းသည်  အရေးပါလာခြင်းဖြစ်သည်။

စွမ်းရည်နှင့်ယုံကြည်မှုကိုတည်ဆောက်

ရုပ်ဝတ္ထုများဖြင့် လေ့ကျင့်သင်ကြားရာတွင် လူသားဆန်သော အတွေးအခေါ်ရှိရန်၊ လူသားတစ်ဦးကဲ့သို့ မြင်တတ်စေရန်၊ Biometric and Medical Research ဆိုင်ရာ အတွေးအခေါ်များ ပိုမိုမြင့်မား လာစေရန်၊ Medical huminity ကို ပိုမိုနားလည်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လေ့ကျင့် သင်ကြားပေး လျက်ရှိပြီး  Attitude ပိုင်းဆိုင်ရာတိုးတက်မှုကိုလည်း ရရှိစေလျက်ရှိသည်။

အရိုးပိုင်းဆိုင်ရာကုသမှုတွင် အရိုးအစားထိုး ခွဲစိတ်ပြုပြင်ခြင်း၊ အဆစ်ပြန်လည်တည်ဆောက်ခြင်းနှင့် အသားအစားထိုး ပြုပြင်ခွဲစိတ်ခြင်းကဲ့သို့ တိကျပြီး ရှုပ်ထွေးသောကုသမှုတို့တွင်  ကျွမ်းကျင်မှုဆိုင်ရာ ဆေးပညာဖွံ့ဖြိုးတိုးတက်မှု  လိုအပ်လာသည်။ သင့်လျော်သော ခွဲစိတ်မှုနည်းလမ်းကိုရွေးချယ်ခြင်း၊ မမျှော်လင့်ထားသော နောက်ဆက်တွဲပြသနာများနှင့် လိုက်လျောညီစွာ လုပ်ဆောင်ခြင်းကဲ့သို့သော အရေးကြီးသည့် ဆုံးဖြတ်ချက်များကိုချမှတ်ရန် လက်တွေ့လေ့ကျင့်မှုသည် ဆေးပညာစွမ်းဆောင်ရည် ကို မြှင့်တင်ပေးလျက်ရှိသည်။  ရုပ်ဝတ္ထုများဖြင့် ခွဲစိတ်မှုပြုလုပ်ခြင်းသည်  ခွဲစိတ်ဆရာဝန်များအတွက် စွမ်းရည်နှင့်ယုံကြည့်မှုကို တည်ဆောက်ရန်   ကူညီပေးလျက်ရှိပြီး  လူနာများကို ခွဲစိတ်ကုသရာတွင် ထိုယုံကြည်မှုသည် မရှိမဖြစ် လိုအပ်ရာ ခွဲစိတ်လေ့ကျင့်ရာမှ ရရှိလာသော ကျွမ်းကျင်မှုသည် လူနာများ၏ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်လျက်ရှိသည်။

လူနာများကို ခွဲစိတ်ကုသရေးပိုင်းတွင် အရည်အသွေးမြင့် စောင့်ရှောက်မှုပေးနိုင်သည့် ခွဲစိတ်လေ့ကျင့်မှု အတွေ့အကြုံတို့သည် ကမ္ဘာ့ဆေးပညာနယ်ပယ်တွင် အဓိက အခြေခံကျသော လေ့ကျင့်ရေး နယ်ပယ် တစ်ခုအဖြစ်  ရပ်တည်လာလျက်ရှိရာ  လေ့ကျင့်မှုအတွေ့အကြုံကောင်းများစွာမှ စွမ်းရည်နှင့် ယုံကြည်မှု ကို တည်ဆောက် နိုင်ခြင်းကြောင့်  စွမ်းရည်ပြည်ဝသော ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဂုဏ်သတင်း သည်  ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။

ဆေးပညာအထောက်အကူပြုရုပ်ဝတ္ထုဖြင့် ခွဲစိတ်လေ့ကျင့်နိုင်ခြင်းသည်

ခန္ဓာဗေဒဆိုင်ရာ အသိပညာသည် အရိုးခွဲစိတ်ကုသခြင်းနယ်ပယ်နှင့် ဆက်စပ်လျက်ရှိသည်။ လုပ်ထုံး လုပ်နည်းများတိကျစေခြင်း၊ ရောဂါရှာဖွေခြင်း၊ လူနာဘေးကင်းခြင်းနှင့် ခန္ဓာဗေဒကွဲပြားမှုဖြစ်စဉ်တို့ကို နားလည်စေခြင်းတို့သည် ခန္ဓာဗေဒဆိုင်ရာ ပညာရပ်ကျွမ်းကျင်မှုတို့ကို ပြသခြင်းဖြစ်ပြီး တစ်နည်း အားဖြင့် ခန္ဓာဗေဒဆိုင်ရာ အသိပညာသည် အရိုးခွဲစိတ်မှုတွင် ကျောရိုးတစ်ခုဖြစ်ကြောင်း သက်သေပြ လျက်ရှိသည်။

အထူးသဖြင့် သက်မဲ့ခန္ဓာဖြင့် ခွဲစိတ်လေ့ကျင့်ခြင်းသည် ခွဲစိတ်ဆရာဝန်များအနေဖြင့် လက်တွေ့ အတွေ့အကြုံဖြင့် ခန္ဓာဗေဒပုံစံ ကွဲလွဲမှုတို့ကို ထိတွေ့ခွင့်ရရှိပြီး ယင်းတို့၏ နည်းပညာများကို ပြုပြင် မွမ်းမံမှုဖြင့် ခွဲစိတ်မှုမပြုလုပ်မီ ရှုပ်ထွေးနက်နဲသော ခန္ဓာဗေဒအကြောင်းကို လိုက်လျော ညီထွေစွာ သိရှိစေသည်။ ခွဲစိတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အစီအမံများကို ပြုလုပ်နိုင်ခြင်းဖြင့် ဆေးပညာ နယ်ပယ်၏ ကုသရေးပိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍကို ဆေးပညာနယ်ပယ်၌ ထုတ်ဖော်ပြသ နိုင်လျက်ရှိသည်။

နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မှုကို ထုတ်ဖော်ပြသ

ပထမအကြိမ် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ   နှီးနှောဖလှယ်ပွဲကို ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ  ၃၀  ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တွင် ကျင်းပခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ဆေးပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခဲ့ရာ ၂၀၀၁ ခုနှစ် (၁၁)ကြိမ် မြောက်တွင် ဘာသာရပ်ဆိုင်ရာစာတမ်းပေါင်း ၅၄၇ စောင် ဖတ်ကြား တင်သွင်း ခဲ့ပြီး သုတေသန ဆိုင်ရာ ပိုစတာ ၄၁ စောင်ကို ခင်းကျင်းပြသနိုင်ခဲ့သည်။

အကြိမ် (၃၀)မြောက်  နိုင်ငံတကာအဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကို တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့နေ့ဖြစ်သည့်  အောက်တိုဘာလ ၁ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၃ ရက်မှ  ၅ ရက်အထိ ပြင်ဦးလွင်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)တွင် ပြည်တွင်းပြည်ပမှ  ဆေးပညာ ရှင်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းစာမျက်နှာတွင် ရွှေရောင်နေ့သစ်များအဖြစ် ထပ်မံပေါ်ထွန်းလာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲများကို ပြည်တွင်းပြည်ပမှ ဆေးပညာရှင် များဖြင့် ကျင်းပနိုင်ခဲ့သော အောင်မြင်မှုသည်တိုက်ပွဲဝင်ဒဏ်ရာရ လူနာများနှင့် ပြင်ပလူနာများကို ခွဲစိတ်ကုသရာ၌ လက်ရှိကုသမှုထက် ပိုမိုကောင်းမွန်သော Quality of Care ဖြင့် ထိရောက် အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်မည့်အပြင် အရိုးခွဲစိတ်ဆရာဝန်များအနေဖြင့် ကုသရေးပိုင်းတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပိုမိုတိုးမြှင့်လာစေမည်ဖြစ်သည်။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် Combat Medical Care တွင် အဓိက လိုအပ်သော Flap Surgery in Combat Medical Care ဆိုင်ရာ ရှုပ်ထွေးနက်နဲသည့် အစားထိုး ခွဲစိတ်ကုသမှု နည်းပညာရပ် များကို အရိုးရောဂါ ကုဆရာဝန်များ လက်တွေ့လေ့ကျင့် တတ်မြောက် ခြင်းသည် တိုက်ပွဲဝင် ဒဏ်ရာရ လူနာများအား စစ်မြေပြင် ဆေးအကာအကွယ်ဆိုင်ရာ ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်များနှင့် အသား အစားထိုး ခွဲစိတ်ကုသမှုနယ်ပယ်သို့ တပ်မတော်အရိုးရောဂါ ခွဲစိတ်မှုပညာရပ်များ တိုးတက်မြင့်မား လာမှုသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။

အောင်မြင်မှုရလဒ်ကို ဆွတ်ခူးရရှိ

နိုင်ငံတကာအဆင့်မီ SILENT MENTOR ဖြင့် ခွဲစိတ်လေ့ကျင့်သင်ကြားမှုပေးသည့် အလုပ်ရုံ ဆွေးနွေးပွဲ များနှင့် ဆေးပညာနှီးနှော ဖလှယ်ပွဲများကို ကျင်းပရာ၌ ကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် နည်းပညာ လိုအပ်ချက် မြင့်မားခြင်း စသည့်ကန့်သတ်ချက်များကြောင့် ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတို့တွင်သာ ယေဘုယျအားဖြင့် ဆောင်ရွက်နိုင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လက်လှမ်းမီရန် ခက်ခဲသည်။  သို့သော် တပ်မတော်အရိုးရောဂါ   ပညာဌာနက ဆေးပညာရှင်များကို  တစ်နေရာတည်းတွင်  စုဝေး ဆွေးနွေးနိုင်ရန်၊ လက်တွေ့အသုံးပြုမည့် ထောက်ပံ့ပစ္စည်းများ စုဆောင်းနိုင်မှုနှင့် Man, Material, Method ပိုင်းဆိုင်ရာ ရင်းနှီးအားထုတ်မှုတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာ အဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကြီး (Main Conference)ကိုလည်း နိုင်ငံတကာ အဆင့် စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည် ဖြစ်သည်။ ထိုသို့ကျင်းပနိုင်ရန် ဦးဆောင်ဦးရွက်   ဆောင်ရွက် ရာတွင် တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး၊ အတိုင်ပင်ခံ အရိုးခွဲစိတ် ပါရဂူကြီး ဦးဆောင်မှုဖြင့်  ဆေးပညာရှင်အရာရှိကြီးများ၊ ပြည်ပဆေးပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တပ်မတော်နှင့် အရပ်ဘက်ဆေးပညာရှင်များ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု၏ အသီးအပွင့် တစ်ခုအဖြစ် အောင်မြင်မှုရလဒ်ကို   ဆွတ်ခူးရရှိခဲ့ခြင်းပင် ဖြစ်သည်။ 

ဆေးပညာရပ်    ဖွံ့ဖြိုးတိုးတက်မှုသည် သုတေသနနှင့်     အလုပ်ရုံဆွေးနွေးပွဲများပေါ်တွင်မူတည်

အကြိမ်(၃၀)မြောက် နိုင်ငံတကာအဆင့် ဆေးပညာနှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)တွင် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ပြည်ပနိုင်ငံများမှ ဆေးပညာရှင်များ၊ ပြည်တွင်းတပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များနှင့် နယ်ဘက် အရိုးရောဂါဆိုင်ရာ ဆေးပညာရှင်များ၊ ပါရဂူများ၊  ဆေးပညာဘွဲ့လွန်၊ ဘွဲ့ကြိုနှင့်  ပါရဂူသင်တန်းသား မျာစုံလင်စွာ  နိုင်ငံတကာအဆင့် စုစည်းကျင်းပသွားမည်ဖြစ်ရာ မြန်မာ့တပ်မတော် ဆေးပညာ၏ စွမ်းရည် မြင့်မားမှုကို ကမ္ဘာသို့ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။

အရှေ့အရပ်မှနေဝန်းကြီး ပေါ်ထွန်းလာသည့်ပမာ

သမိုင်းအစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ခဲ့ကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား တပ်မတော်သားများ နှင့်အတူ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များလည်း   ပေးဆပ်ခဲ့ကြရသည်။ 

တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုများတွင် တပ်မတော်ဆေးရုံများနှင့် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက  အဓိကအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်။  ကိုယ်ခန္ဓာအတွင်း အစားထိုးခွဲစိတ် ကုသမှုပညာရပ်များ   ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အရိုးရောဂါ အသားအစားထိုးခွဲစိတ်ကုသမှုတို့တွင် တပ်မတော်အရိုးရောဂါ ပညာဌာနသည် နိုင်ငံတကာစွမ်းဆောင်ရည်နှင့်အညီ မြင့်မားလာလျက်ရှိသည်။

တပ်မတော်ဆေးတက္ကသိုလ်သည် ထိုသို့ စွမ်းဆောင်ရည် မြင့်မားသော တပ်မတော်ဆေး ဝန်ထမ်း တပ်ဖွဲ့ဝင်များကို မွေးထုတ်ပေးလျက်ရှိရာ စွမ်းရည်ပြည့်ဝသော သမားဇာနည်များ မွေးဖွားရာမြေဟု လည်း ဆိုရမည်ဖြစ်သည်။  နိုင်ငံတကာအဆင့် ဆေးပညာ   နှီးနှောဖလှယ်ပွဲများသည် သမားဇာနည် ရောင်စုံပန်းများ၏ ဥယျာဉ်မှူးများသဖွယ် ဆေးပညာမြေဆီမြေနှစ်များကို ပံ့ပိုးပေးလျက်ရှိသည်။   

မြန်မာ့တပ်မတော်  ဆေးဝန်ထမ်းတပ်ဖွဲ့၏ အရိုးရောဂါပညာဌာနသည် အရိုးထိခိုက်ဒဏ်ရာ  ရရှိခြင်း ပြုစုကုသမှု နှင့်ပတ်သက်၍ အတွေ့အကြုံအများဆုံးဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲများတွင် ထည့်သွင်း ကျင်းပသော အာဆီယံအဆင့် အရိုးဆရာဝန်များနှင့် ပြုလုပ်သည့် Webinar ဆွေးနွေးပွဲတို့တွင်  အရိုးထိခိုက် ဒဏ်ရာရရှိခြင်းနှင့် ပတ်သက်၍ ဦးဆောင်ကဏ္ဍမှ ဆွေးနွေးနိုင်ခဲ့ခြင်းသည် တပ်မတော်၏ ဂုဏ်ကို ဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ဆေးပညာအထောက်အကူပြု ရုပ်ဝတ္ထု(သက်မဲ့ခန္ဓာ)များကိုအသုံးပြု၍ လေ့ကျင့်သင်ကြား သုတေသန ပြုနိုင်ခြင်းသည် နက်ရှိုင်းသော အသားအစားထိုးခွဲစိတ်မှု ဆေးပညာရပ်များကို ပိုမိုသိရှိစေပြီး ကုသမှု ပိုင်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကုသနိုင်မှုကို ပြသလိုက် ခြင်းဖြင့် ဆေးပညာရပ်များဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာသော မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏  အနာဂတ်ခရီး လမ်းသည် အရှေ့အရပ်မှနေဝန်းကြီး ပေါ်ထွန်းလာသည့်ပမာ ထွန်းလင်းတောက်ပနေ မည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံတို့အကြား မြန်မာ့တပ်မတော်၏ ဂုဏ်သတင်းသည် သင်းပျံ့မွှေးကြိုင် နေမည်ဖြစ်ပါကြောင်း အကြိမ်(၃၀)မြောက် တပ်မတော်ဆေးပညာနှီးနှော ဖလှယ်ပွဲကြီးကို ဂုဏ်ပြု ရေးသား တင်ပြလိုက်ရပါသည်။  ။

ညောင်ဦးဖီး