(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲ စတင်ကျင်းပ

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲ စတင်ကျင်းပ

ဟန်ကျိုး အောက်တိုဘာ ၁

    တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ  အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ကျင်းပသည့် မြားပစ်အားကစားနည်းပြိုင်ပွဲကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ်(အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ကစားသမား ၈၄ ဦးအနက် စုစုပေါင်းရမှတ်၆၃၉ မှတ်၊ အဆင့် ၃၀ ဖြင့် လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ပြည့်စုံနှင်းက မြားပစ်(အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၈၄ ဦးအနက် စုစုပေါင်းရမှတ်၅၇၈ မှတ် အဆင့် ၆၃ ဖြင့်လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

အာရှအားကစားပြိုင်ပွဲ၏ မြားပစ်အားကစားနည်းတွင် မြန်မာမြားပစ် အသင်းအနေဖြင့် Recurve  အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ Recurve  အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် Recurve အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများအား   အမျိုးသားအားကစားသမား ၁ ဦး၊ အမျိုးသမီး အားကစားသမား ၁ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။