ပြည်သူ့အတွက် သစ္စာ သမာဓိ သတ္တိ
((၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဆောင်းပါး)
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းလာခဲ့သည့်အပြင် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြသည်။ သို့ဖြစ်၍ ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ကျရာကဏ္ဍမှ ကျေပွန်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထဲရေး ဝန်ကြီးဌာနက ချမှတ်သည့် မူဝါဒများနှင့်အညီ တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ဒေသ လုံခြုံရေး၊ ပြည်တွင်းလုံခြုံရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး တာဝန်များကို နောင်တော် တပ်မတော်နှင့်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားများ၊ နိုင်ငံတော်အဆင့် အကြီးအကဲများ၏ သွားလာလှုပ်ရှားမှုများ၊ ပြည်ပဧည့်သည်တော်များ၏ ခရီးစဉ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံမှုအပြည့်အဝ ပေးနိုင်ရေး ဆောင်ရွက်ကြသည်။ ထို့ပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းများ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ၊ အမြန်လမ်းမကြီးနှင့် လမ်းအသုံးပြုသူများ၊ ငွေကြေးဆိုင်ရာ မှုခင်းကိစ္စရပ်များ၊ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ကိစ္စရပ်များအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုအတွက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပညာပေးခြင်း၊ တားဆီးကာကွယ်ပေးခြင်း၊ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ခြင်းစသည့် ဝန်ဆောင်မှု လုပ်ငန်းစဉ်များဖြင့် ပြည်သူလူထုကို ဗဟိုပြုကာ တပ်ဖွဲ့များအချင်းချင်း ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေး၊ နိုင်ငံတော်၏ နယ်စပ်ဒေသများ၊ အဆောက်အအုံ၊ ငွေကြေး၊ ယာဉ်ယန္တရားပစ္စည်းများအပြင် သယံဇာတများ လုံခြုံရေးအတွက်လည်း ဆောင်ရွက်လျက် ရှိကြသည်။
တရားဥပဒေစိုးမိုးရေး
ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် တစ်ခုနှင့်တစ်ခုချိတ်ဆက်လျက် အကြောင်းအကျိုး ဆက်စပ်နေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များဖြစ်ကြသည်။ ထို့ပြင် ထိုရည်မှန်းချက် တာဝန်များကို ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားပြီးပြစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေးဟူသည့် လုပ်ငန်းတာဝန်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မျက်မှောက်ခေတ်တွင် နည်းပညာ အသုံးပြုမှု တွင်ကျယ်လျက်ရှိရာ ရာဇဝတ်မှု ကျူးလွန်သူများအနေဖြင့် နည်းပညာကို အသုံးချ၍ ဥပဒေချိုးဖောက်မှုများ၊ ရာဇဝတ်မှုများကို ကျူးလွန်လာကြရာ အချို့သော မှုခင်းကိစ္စရပ်များတွင် သမားရိုးကျနည်းဖြင့် ရှာဖွေစုံစမ်း ဖော်ထုတ်ရန် ခက်ခဲလာသဖြင့် ခေတ်နှင့်အညီ နည်းပညာမြင့် အထောက်အကူပြုပစ္စည်း ကိရိယာများကိုလည်း ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်ရန် လိုအပ်လာသည်။ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် Online လိမ်လည်မှု ကျူးလွန်ရန် အဓမ္မစေခိုင်းသောဖြစ်စဉ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ထိ စစ်ဆင်ရေး ကာလသတ်မှတ်ပြီး ထိထိရောက်ရောက် ပူးပေါင်း၍ ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း Online လိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦး၊ Online လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ် အရေးယူနိုင်ခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့ကျင့် ဆောင်ရွက်ပေးခြင်းတို့ဖြင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အထူးစစ်ဆင်ရေးကြီးများ ဆင်နွှဲကာ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၃၈ ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းမှုများကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး “ Operation 39 ” ကို ဆောင်ရွက်လျက် ရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၄၃၈၀ မှု၊ တရားခံပေါင်း ၅၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၆၂၃ ဘီလီယံကျော်ရှိသော မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ထို့ပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ၌ စုစုပေါင်း တန်ဖိုးကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း)ရှိသော မူးယစ်ဆေးဝါးနဲ့ဓာတုပစ္စည်း ၁၀၈ မျိုးတို့ကို ဖျက်ဆီးနိုင်ခဲ့သည်။
ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ လေဘေး၊ ရေဘေးနှင့် ငလျင်ဘေးတို့ ကျရောက်သည့်အခါများတွင် လုံခြုံရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် အစောဆုံး ရောက်ရှိကြသူများ ဖြစ်သည်။ အနီးစပ်ဆုံးပြောရလျှင် မိုခါမုန်တိုင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်အားကိုကြည့်၍ သိနိုင်ပါသည်။ ထိုနေရာများတွင် ဘေးအန္တရာယ် ကျရောက်နေသူများအား ကူညီကယ်ဆယ်ခြင်း၊ လူနှင့်ပစ္စည်းများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများ ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် အဆောက်အအုံများ ပြုပြင် တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ပြင် အခါကြီးရက်ကြီးများတွင် သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ရေရှားပါးသည့်နေရာများသို့ သောက်သုံးရေလှူဒါန်းခြင်း၊ သွေးလှူခြင်းတို့ကိုလည်း ဆောင်ရွက်ပေးကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲ လုံ့လ ဝီရိယနှင့် ကြိုးစားအားထုတ်မှုတို့ အပြင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် လုပ်ငန်းဆောင်တာများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ အလေးထား ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နှင့်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ပြည်သူလူထု တစ်ရပ်လုံးက လေးစား အားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်ကန်မြန်ဆန်စွာပြီးမြောက် အောင်မြင်စေရေးအတွက်ပြည်သူလူထုကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ရေးသားရင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် “(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့” ကိုဂုဏ်ပြုအပ်ပါသည်။ ။
အန်ကယ်ပညာ