လိပ်ခေါင်းရောဂါ ခွဲစိတ်ပြီး ပြန်ဖြစ်နိုင်သလား

လိပ်ခေါင်းရောဂါ ခွဲစိတ်ပြီး ပြန်ဖြစ်နိုင်သလား

    လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ပြီး အဆင့် သတ်မှတ်ချက်တွေရှိပါတယ်။ အဆင့်(၁)မှာ ဝမ်းသွားတဲ့အခါ သွေးပါတတ်တယ်။ အဆင့်(၂)မှာ ဝမ်းသွားရင်၊  ဝမ်းညှစ်ရင် စအိုဝအပြင်ဘက်ကိုထွက်လာပြီး သူ့အလိုလိုပြန်ဝင်နိုင်တယ်။  အဆင့်(၃)မှာ  လိပ်ခေါင်းက သူ့အလိုလိုပြန်မဝင်ဘဲ လက်နဲ့ပြန်သွင်းမှသာ ပြန်ဝင်ပါတယ်။ အဆင့်(၄)မှာ လိပ်ခေါင်းက ပြန်သွင်းလို့မရဘဲ စအိုဝ အပြင်ဘက်ကို အမြဲထွက်နေပါတယ်။

လိပ်ခေါင်းကုသနည်းတွေက ဆေးနဲ့ကုသနည်း၊ ခွဲစိတ်ကုသနည်း စတာတွေ အများကြီးရှိပါတယ်။ အရင်ကတော့ ဆေးထိုးတဲ့နည်းတွေသုံးခဲ့ပေမယ့် အခုအခါမှာတော့ အဲဒီနည်းတွေကို မသုံးတော့ပါဘူး။

ဒီနည်းတွေက ရောဂါကိုခဏထိန်းထားတဲ့ သဘောဖြစ်ပြီး လုံးဝမပျောက်သွားပါဘူး။

ဆေးထိုးတဲ့အခါ  အခန့်မသင့်ရင်  လိပ်ခေါင်းကိုမထိဘဲ စအိုဘေးက ကြွက်သားတွေကိုထိပြီး ထိန်းသိမ်းရခက်ခဲတဲ့ နောက်ဆက်တွဲဖြစ်နိုင်ခြေရှိတယ်။ ဒါကြောင့် လိပ်ခေါင်းဖြစ်ရင် ခွဲစိတ်ဆရာဝန်ဆီ သွားပြဖို့လိုတယ်။ ဆရာဝန်က လိုအပ်ရင် မှန်ပြောင်းနဲ့ကြည့်ပြီး လိပ်ခေါင်းအခြေအနေကို စစ်ဆေးပေးပါလိမ့်မယ်။ လိပ်ခေါင်းတကယ်ပျောက်သွားဖို့ဆိုရင် ခွဲစိတ်ကုသမှု ခံယူဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာ     ကုသမှုအသုံးများတဲ့နည်းက လိပ်ခေါင်းခွဲထုတ်ပြီး ဖြတ်ထုတ်တဲ့နည်း(Hemorrhoidectomy) ဖြစ်တယ်။

ကမ္ဘာမှာလည်း ဒီနည်းကို သုံးပါတယ်။ လေဆာနဲ့ကုသတဲ့နည်းနဲ့ အအေးခံပြီး သက်သာအောင်လုပ်တဲ့နည်းဆိုပြီး စမ်းသပ်နေတာလည်း ရှိပါတယ်။

လိပ်ခေါင်းကြောင့် သွေးထွက်လိုက်၊ သက်သာလိုက်ဖြစ်နေတာကို ခွဲစိတ်ကုသမှု မခံယူဘဲနေရင် လူနာအနေနဲ့ သွေးအားနည်းတာတွေဖြစ်လာနိုင်တယ်။ ပြီးတော့ တခြားရောဂါတွေနဲ့လည်း လွဲမှားတတ်တယ်။ အစာဟောင်းအိမ်ကင်ဆာ၊ စအိုကင်ဆာတွေဖြစ်နေရင် လိပ်ခေါင်းနဲ့ရောနေပြီး မသိတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ပြီးတော့ လိပ်ခေါင်းက အစာဟောင်းအိမ်နဲ့ စအိုကင်ဆာတို့နဲ့လည်း တွဲပြီးဖြစ်တတ်ပါသေးတယ်။ အဲဒီအခါ လိပ်ခေါင်းပဲဖြစ်တာပါ ဆိုပြီး  ပေါ့ဆနေတတ်ကြပါတယ်။

နောက်ပိုင်းကျမှ  ကင်ဆာဖြစ်နေတယ်ဆိုတာ သိရတာမျိုး၊ နောက်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။

လိပ်ခေါင်းရောဂါမခွဲစိတ်ခင်   လူနာအနေနဲ့ ဝမ်းမချုပ်အောင် ဂရုစိုက်ရပါမယ်။ ဝမ်းသွားတဲ့အခါ ဝမ်းကိုညှစ်ပြီး မသွားသင့်ပါဘူး။ ရေများများသောက်ရပါမယ်။ ဟင်းသီးဟင်းရွက် များများစားရပါမယ်။ အပူအစပ်တွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ လောလောဆယ် ဝမ်းသွားရင်း သွေးထွက်နေရင် အဲဒါကိုထိန်းဖို့အတွက် ဒက်ဖလွန် (Daflon)၊  ဆီဒူရော (Siduol )  တို့လို ဆေးမျိုးတွေ သောက်ထားလို့ရပါတယ်။ လိပ်ခေါင်းခွဲစိတ်မှု ခံယူပြီးတဲ့အခါ ပြန်ဖြစ်နိုင်ခြေရှိပါသေးတယ်။      

လိပ်ခေါင်းက အလုံးတစ်လုံးတည်းဆိုရင် အဲဒီအလုံးကို ခွဲစိတ်ကုသမှု လုပ်ပြီးတဲ့အခါ  ပြန်ဖြစ်နိုင်ခြေမရှိပါဘူး။  ဒါပေမဲ့ လိပ်ခေါင်းအလုံးက လေးလုံးလောက်ဖြစ်နေရင် တစ်ကြိမ်တည်းနဲ့ အကုန်လုံးခွဲစိတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ကြိမ်တည်းနဲ့ အကုန်ခွဲထုတ်လိုက်ရင် စအိုကျဉ်းသွားနိုင်တယ်။  ဒါကြောင့်  လိပ်ခေါင်းအလုံးကို နှစ်လုံးလောက်ပဲ ခွဲရတဲ့အခါ ကျန်တဲ့လိပ်ခေါင်းအလုံးတွေကို နောက်တစ်ကြိမ် ထပ်ခွဲရတာမျိုး ကြုံရတတ်ပါတယ်။       

လိပ်ခေါင်းခွဲစိတ်ပြီးသူအနေနဲ့   လိပ်ခေါင်းခွဲစိတ်မှုပေါ်မူတည်ပြီး   နာကျင်မှုသက်သာအောင် ဆားရည်နွေးစိမ်တာမျိုးတွေ လုပ်လို့ရပါတယ်။ အခု မြန်မာနိုင်ငံမှာ လိပ်ခေါင်းခွဲစိတ်တဲ့အခါ    စတာပလာ (Stapala) ထည့်တာမျိုး လုပ်လာကြပါပြီ။

အရင်က စတာပလာ ထည့်တာက ငွေကျပ် ၁၀ သိန်းလောက် ကုန်ကျမှာဖြစ်တဲ့အတွက် မလုပ်နိုင်ကြပေမယ့် အခု ငွေကျပ် သုံးသိန်းဝန်းကျင်ပဲဆိုတော့   ပြုလုပ်လာကြပါပြီ။

ဒါထည့်လိုက်ရင်  နာကျင်မှုက  သက်သာသွားနိုင်ပါတယ်။      

နာတာရှည်ရောဂါအခံရှိသူတွေ   လိပ်ခေါင်းခွဲစိတ်မယ်ဆိုရင်   သွေးအားပြည့်အောင်  ဖြည့်ရတာမျိုးရှိပါတယ်။  ဆီးချိုသွေးချိုလို နာတာရှည်ရောဂါရှိရင်တော့ သက်ဆိုင်ရာသမားတော်က   သွေးတွင်းသကြားဓာတ်ကို ထိန်းပြီးမှ လိပ်ခေါင်းခွဲစိတ် ကုသမှုပေးရတာမျိုးလည်း    ရှိပါတယ်။

အသည်းရောဂါပိုးတွေရှိရင်၊   အသည်းခြောက်ပြီး ရေဖျဉ်းစွဲနေရင် အသည်းသွေးပေါင်ချိန်မြင့်ခြင်း(Portal hypertension) အခြေအနေရှိတဲ့လူနာတွေမှာ လိပ်ခေါင်းကိုမခွဲရပါဘူး။  ခွဲရင်လည်း  မထူးပါဘူး။ 

ဘာဖြစ်လို့လဲဆိုရင် အသည်းမကောင်းတဲ့ အတွက် ဖိအားနဲ့ပိပြီး လိပ်ခေါင်းဖြစ်နေတာဖြစ်ပါတယ်။      

လိပ်ခေါင်းအဆင့်နုချိန်  ခွဲစိတ်တာနဲ့ အဆင့်မြင့်မှ ခွဲစိတ်တာ သိပ်ပြီး ကွာခြားမှုမရှိပါဘူး။ ဒါပေမဲ့ လိပ်ခေါင်းကို ရောဂါအဆင့်နုတဲ့အချိန် ခွဲစိတ်ကုသတဲ့အခါ အနာကျက်မြန်ပါတယ်။ အဆင့်မြင့်မှ ခွဲစိတ်တဲ့အခါ  ဒဏ်ရာအကြီးကြီးရပြီး  အနာကျက်ဖို့ကြာတတ်ပါတယ်။ ကြီးမှခွဲတော့ တစ်ခါတည်းနဲ့ အကုန်လုံးကို ခွဲလို့ရချင်မှရမယ်။ 

အများကြီးဖြစ်နေရင်  တစ်ကြိမ်တည်းခွဲမရတဲ့အတွက် နှစ်ကြိမ်၊ သုံးကြိမ်ခွဲရတတ်တယ်။ လိပ်ခေါင်းက သိပ်ကြီးနေရင် ခွဲစိတ်တဲ့အခါ စအိုကျဉ်းသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။  ဒါကြောင့်   ရောဂါအဆင့်နုတုန်း  ခွဲစိတ်လိုက်တာက ပိုကောင်းပါတယ်။       

လိပ်ခေါင်းရောဂါရှိသူတွေ အနေနဲ့ အပူအစပ်တွေ ရှောင်သင့်ပါတယ်။ အပူအစပ်စာတွေက ဝမ်းပိုချုပ်စေပြီး ရောဂါအခြေအနေကို ပိုဆိုးစေနိုင်တယ်။ ငရုတ်သီးစားရင် ဝမ်းချုပ်ပြီး ဝမ်းပိုညှစ်ရတာကြောင့် ရှောင်သင့်ပါတယ်။ ဝမ်းမချုပ်စေဖို့ နေ့စဉ် ဝမ်းမှန်မှန်သွားအောင်   ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ ရေများများသောက်တာ၊ အမျှင်ဓာတ်များတဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်များများစားတာ   စတဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်း လိုက်နာကြဖို့လိုပါတယ်။      

လိပ်ခေါင်းက အစောပိုင်းမှာ ဝမ်းမချုပ်အောင်နေပြီး ဆေးသောက်လို့ရပါတယ်။ ရောဂါရင့်လာရင်တော့ ခွဲစိတ်ရမယ့် အနေအထားမှာ    ခွဲစိတ်ကုသသင့်ပါတယ်။

အသက်ငယ်တုန်းမှာ လိပ်ခေါင်းဖြစ်တာကို မကုသဘဲ အသက်ကြီးတဲ့အခါ ရောဂါရဲ့အဆင့်မြင့်သွားတော့မှ    ခွဲစိတ်တာမျိုး  မလုပ်သင့်ပါဘူး။ ခွဲစိတ်မှုဒဏ်ကို မခံနိုင်တော့တဲ့   အသက်အရွယ်ရောက်တော့မှ ခွဲစိတ်ရတာမျိုး မဖြစ်အောင် အသက် ၃၀ လောက်မှာ     လိပ်ခေါင်းဖြစ်တယ်ဆိုရင် အသက် ၄၀ လောက်ရောက်မှ ခွဲစိတ်တာမျိုးက ခွဲစိတ်လို့ရနိုင်တဲ့ အခြေအနေဖြစ်ပေမယ့် အသက် ၆၀-၇၀ လောက်ရောက်မှ  ရောဂါအဆင့်ကလည်း   မြင့်နေတဲ့အခါ ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင် အန္တရာယ်များပါတယ်။       

လိပ်ခေါင်းရောဂါလက္ခဏာနဲ့ အကျိတ်၊ အဖု၊ အူမကြီးကင်ဆာရောဂါ လက္ခဏာတွေက တစ်ခုနဲ့တစ်ခု အရမ်းနီးစပ်တူညီကြပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ကုသမှုတွေအတွက် ရောဂါရှာဖွေမှုကို သေချာတိကျစွာ လုပ်ဆောင်ပေးနိုင်တဲ့  အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ အကြံပေးချင်တယ်။ ဝမ်းသွားရာမှာ အနက်ရောင်ဝမ်းမစင်နဲ့ သွေးချွဲတွေပါလာခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းမကြာခဏသွားခြင်း၊ ဝမ်းသွားရခက်ခဲခြင်း၊ စအိုနာကျင်ခြင်း၊ ဝမ်းချုပ်လိုက်၊ ဝမ်းပျော့လိုက်ဖြစ်ခြင်း၊ ဝမ်းသွားမှုပမာဏနည်းလာခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း သို့မဟုတ်

မိသားစုထဲမှာ အူမကြီးကင်ဆာမျိုးရိုးရှိရင် သတိထားသင့်ပါတယ်။    လိပ်ခေါင်းမှာ အတွင်းလိပ်ခေါင်းနဲ့အပြင်လိပ်ခေါင်းဆိုပြီး နှစ်မျိုးရှိနိုင်တယ်။ အတွင်းလိပ်ခေါင်းရောဂါက အပြင်ဘက်မှာ မဖြစ်နိုင်တဲ့ သွေးကြောလေးတွေဖောင်းလာတာကြောင့် ဖြစ်တဲ့သဘော၊ အစာဟောင်းအိမ်(Rectum)ထဲမှာဖြစ်တတ်ပြီး လက်နဲ့စမ်းသပ်လို့ မရတာကြောင့်  ရောဂါစစ်ဆေးဖို့အတွက်    အူမကြီး မှန်ပြောင်းကြည့်(colonoscopy) ဖို့  လိုပါမယ်။  အဲဒီလိပ်ခေါင်းရောဂါကို     အရွယ်အစား အသေးဆုံးမှ အကြီးဆုံးပေါ် မူတည်ပြီး အဆင့်လေးဆင့် ထပ်မံခွဲခြားနိုင်တယ်။ အဆင့်(၁)လိပ်ခေါင်းက သေးငယ်ပြီး  ဝမ်းသွားနေစဉ်နဲ့  ဝမ်းသွားပြီး နောက်ပိုင်း သွေးထွက်တတ်ပေမယ့် အစာဟောင်းအိမ်ထဲ စအိုအပြင်ဘက်ကို ပြူထွက်တာမျိုး မရှိပါဘူး။ အဆင့်(၂)လိပ်ခေါင်းက ဝမ်းသွားနေစဉ်မှာ စအိုအပြင်ဘက် ပြူထွက်လာပြီး  ကြွက်သားတွေ ကျုံ့သွားလို့  မူလပုံစံဖြစ်သွားတတ်ပါတယ်။ မကြာခဏသွေးထွက်ပြီး ထွက်လာတဲ့မစင်က အနီရင့်ရောင်ရှိတယ်။ အဆင့်(၃)က လိပ်ခေါင်းကြီးမားပြီး ဝမ်းသွားစဉ် စအိုအပြင်ဘက်ကို ပြူထွက်လာပါတယ်။ အဆင့်(၄)ရောက်ရင် လိပ်ခေါင်းက  အတော်ကြီးမားပြီး  စအိုကနေ တစ်ချိန်လုံး ပြူထွက်နေတတ်လို့ ပြင်းပြင်းထန်ထန် နာကျင်မှုဖြစ်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်   လိပ်ခေါင်းနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်း တော်တော်များများ ဝမ်းချုပ်တာ ပိုများလာတဲ့အတွက် လိပ်ခေါင်းရောဂါဖြစ်နှုန်း ပိုများလာပါတယ်။

ဒါကြောင့် နေထိုင်မှုပုံစံပြောင်းလဲပြီး လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ နေ့စဉ် နာရီဝက်ကနေ တစ်နာရီ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးပြီး အစားအသောက်မှာ   အမျှင်ဓာတ်ပါတဲ့ အစာစားတာ၊   ရေများများသောက်တာတွေကို  ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်  လိပ်ခေါင်းရောဂါဖြစ်ခြင်းကနေ ကင်းဝေးနိုင်မှာဖြစ်ကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။      ။

ဒေါက်တာလွင်သန့်