မြန်မာအမျိုးသား လေးယောက်တွဲ ပိုက်ကျော်ခြင်း အသင်းအုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်

 

မြန်မာအမျိုးသား လေးယောက်တွဲ ပိုက်ကျော်ခြင်း အသင်းအုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်

နေပြည်တော်  အောက်တိုဘာ  ၂

    တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ  မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ  အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှု အဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲကို သွားရောက်၍ ပြိုင်ပွဲမကျင်းပမီ အားကစားသမားများအား  ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြား၍   ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ပြီး အာရှပိုက်ကျော်ခြင်း ဥက္ကဋ္ဌ   Mr. Dato Abdul Halim Kader နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစားနည်း ပိုမိုတိုးတက်စေရေး ညှိနှိုင်းဆွေးနွေးသည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ်   နံနက်ပိုင်း အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ    အင်ဒိုနီးရှား အသင်းက  မြန်မာအသင်းကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  မွန်းလွဲ ၂ နာရီတွင်   အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် မြန်မာ အသင်းတို့ယှဉ်ပြိုင်ကစားရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့  ယှဉ်ပြိုင်ကစားရာ  မြန်မာအသင်းက  ဗီယက်နမ်အသင်းကို   ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိ၍  မြန်မာ အမျိုးသား လေးယောက်တွဲ ပိုက်ကျော်ခြင်း အသင်းသည် အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး အမျိုးသမီးအသင်းသည် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။

Fuyang Yinhu Sports Center ၌ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြားပစ်အားကစားနည်းမှ  အမျိုးသား Recurve    ပြိုင်ပွဲတွင်   နီပေါအသင်းနှင့်  မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရာ နီပေါအသင်းက   ခုနစ်မှတ်၊   မြန်မာအသင်းက တစ်မှတ်ဖြင့် နီပေါအသင်းအား ရှုံးနိမ့်ခဲ့ပြီး အမျိုးသမီး  Recurve ပြိုင်ပွဲတွင် မြန်မာအသင်းနှင့့်   UAE အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ  မြန်မာအသင်းက ခြောက်မှတ်၊ UAE အသင်းက  ငါးမှတ်ဖြင့် မြန်မာအသင်းက အနိုင်ရရှိခဲ့သည်။  ဆက်လက်၍ အမျိုးသမီး   Recurve     ပြိုင်ပွဲတွင် တရုတ်(တိုင်ပေ) အသင်းနှင့်   မြန်မာအသင်းတို့    ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ   တရုတ်(တိုင်ပေ)အသင်းအား ခြောက်မှတ် နှစ်မှတ်ဖြင့် ရှုံးနိမ့်၍ အုပ်စု(ကျား/မ)အဆင့်မှ   ထွက်ခွာခဲ့ရကြောင်း သိရသည်။