တန်ဘိုးထားရမည့် သဘာဝပတ်ဝန်းကျင်

တန်ဘိုးထားရမည့် သဘာဝပတ်ဝန်းကျင်

 

    ကမ္ဘာပေါ်မှာ လူဦးရေ တိုးတက်လာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်လည်း အလွန်မြင့်မားလာပါတယ်။ အိမ်ရာလိုအပ်ချက် မြင့်မားလာတာနဲ့အမျှ  ဆောက်လုပ်ရေးအတွက် ကုန်ကြမ်းပစ္စည်း လိုအပ်ချက်ကလည်း မြင့်မားလာပြန်ပါတယ်။

ဒီတော့ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ကြရတယ်။ ပိုမိုထုတ်လုပ်တဲ့အတွက် ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ်ပေါ်လာစေတယ်။ ဒါဟာ အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စတစ်ခုလည်းဖြစ်နေပြန်ပါတယ်။

အခုတော့ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်းထွက်ပေါ်လာပါပြီ။   အဲဒီနည်းလမ်းက သဘာဝဂေဟစနစ်နဲ့ လိုက်လျောညီထွေရှိစေမယ့် ကုန်ကြမ်းပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။

ဒီနည်းလမ်းအတွက် စိတ်ကူးစိတ်သန်းကို ဖြစ်ပေါ်စေသူကတော့  Sandcastle worm လို့ခေါ်တဲ့ အလျား ၂ လက်မခန့်ရှိ ရေနေသတ္တဝါ တစ်မျိုးပဲဖြစ်ပါတယ်။

ဒီနည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်သူက တရုတ်သိပ္ပံအကယ်ဒမီမှ  ပါမောက္ခဝမ်ရှုတောင်ရဲ့ အဖွဲ့ပါပဲ။ အခုနည်းလမ်းနဲ့ ပတ်သက်ပြီးမတင်ပြခင်    ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနဲ့ ကမ္ဘာကြီးပူနွေးမှုတို့ကြား ဆက်စပ်မှုကို တင်ပြပါမယ်။

သမားရိုးကျဘိလပ်မြေ အခြေခံဆောက်လုပ်ရေး ပစ္စည်းများဟာ ဆောက်လုပ်ရေး ကဏ္ဍမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို သူတို့ရဲ့သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကိုလည်း ဒီထက်ပိုပြီး လျစ်လျူရှုလို့မရတော့ပါဘူး။

ဘိလပ်မြေထုတ်လုပ်မှုကြောင့် ကာဗွန်ခြေရာတွေ ထင်ကျန်လာမှုဟာ အလွန်ကိုကြီးမားပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဘိလပ်မြေထုတ်လုပ်ရာမှာ မြင့်မားတဲ့ အပူချိန်လိုအပ်သလို  လိုအပ်တဲ့ အပူချိန်ရအောင်လုပ်ဖို့ ဆိုတာကလည်း   စွမ်းအင်ပမာဏ အများအပြားကို   အသုံးပြုရပြန်ပါတယ်။

ဒါ့အပြင် ထုံးကျောက်ကနေ ချော်ရည်အဖြစ်ကို ရရှိစေဖို့အတွက် ဓာတုဗေဒနည်းအရပြောင်းလဲမှုမှာ   ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ထွက်ပြန်ပါသေးတယ်။ အဲဒီလိုထွက်ရှိမှုက သဘာဝ ပတ်ဝန်းကျင်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

ဒါတင်မကသေးပါဘူး။ ထုံးကျောက်နဲ့ ရွှံ့စေး၊ မြေစေးတို့လိုမျိုး ကုန်ကြမ်းပစ္စည်းများကိုထုတ်ယူမှုကလည်း    လူသားတွေ နေထိုင်မှုအတွက် နေရာတွေကို ပျက်စီးစေသလို ဂေဟစနစ်အပေါ်ကို ထိခိုက်မှုတွေ ရှိပြန်ပါတယ်။

အဲဒီလိုကုန်ကြမ်းပစ္စည်းတွေကို ထုတ်ယူပြီး သယ်ယူပို့ဆောင်ရေး အတွက် ယာဉ်တွေကိုအသုံးပြုကြခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ မြင့်တက်လာရပြန်ပါတယ်။

ဒါကြောင့် သိပ္ပံပညာရှင်များက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက် သုတေသနတွေကို လုပ်ဆောင်လာရခြင်းဖြစ်ပါတယ်။

အထူးသဖြင့် ဘိလပ်မြေလိုမျိုး တစ်ခုနဲ့တစ်ခု စေးကပ်စေတဲ့  တခြားသောကုန်ပစ္စည်းများကို ပြောင်းလဲ ထုတ်လုပ်ဖို့အတွက် လုပ်ဆောင်လာကြတာပါ။ အဲဒီထဲမှာ ဘူမိပေါ်လီမာနဲ့ သစ်စေး၊ ကော်စေးများလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒါတွေက ဂေဟစနစ် ကိုက်ညီမှုနဲ့   လက်တွေ့အသုံးဝင်မှုမှာ ဆိုရင်တော့ အလားအလာကောင်းတွေ အင်မတန်နည်းပါးပါတယ်။ ဒီအချိန်မှာ သိပ္ပံပညာရှင်များက Sandcastle worm လို့ခေါ်တဲ့ ရေနေသတ္တဝါရဲ့ နေထိုင်မှုပုံစံကို စိတ်ဝင်စားဖွယ် ကောင်းစွာတွေ့ရှိလိုက်ရပါတော့တယ်။

အဲဒီသတ္တဝါလေးတွေက  သဲပွင့်လေးတွေကို အတူတကွပေါင်းစပ်ကာ အလွန်ရှုပ်ထွေးပြီး  ပျားသလက်ပုံစံရှိတဲ့ ကျောက်တန်းကဲ့သို့   အဆောက်အအုံကို တည်ဆောက်ကြတာပါ။  သိပ္ပံပညာရှင်များက သူတို့ရဲ့နေထိုင်မှုပုံစံကို ဆက်လက်လေ့လာတဲ့အခါမှာတော့ ဒီအဆောက်အအုံ တည်ဆောက်မှုမှာအသုံးပြုတဲ့ စေးကပ်စေသော အရာကို တွေ့ရှိလိုက်ရတာပါ။

Sandcastle wormကနေထုတ်ပေးလိုက်တဲ့ စေးကပ်စေသော အရာများထဲမှာ ကန်တီအိုနစ်နဲ့ အန်နီအိုနစ်ပရိုတိန်းတို့ ပါဝင်ပါတယ်။    အဲဒီပရိုတိန်းတွေကြောင့် သဲပွင့်လေးများဟာ တစ်ခုနဲ့တစ်ခု စေးကပ်သွားပြီး   အံ့သြလောက်စရာကောင်းတဲ့ ကြံ့ကြံ့ခံနိုင်သော အဆောက်အအုံကို ထွက်ပေါ်လာစေတာဖြစ်ပါတယ်။

ပါမောက္ခဝမ်ရှုတောင်ရဲ့အဖွဲ့ဟာ ဇီဝပေါ်လီမာကော်များကို အသုံးပြုခြင်းအားဖြင့် သဘာဝကို အခြေခံထားတဲ့ ကာဗွန်ထုတ်လွှတ်မှု နည်းသော ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများကို ဖန်တီးလိုက်ပါတယ်။ အဲဒီထဲမှာ ကန္တာရသဲ၊ ပင်လယ်သဲနဲ့ ကွန်ကရစ်ချော်ကဲ့သို့ အမျိုးမျိုးသော အရာများ ပါဝင်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာတော့ နိမ့်ကျတဲ့အပူချိန်၊ လေထုဖိအားအောက်မှာ လုပ်ဆောင်တာဖြစ်ပြီး ဒါဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့   လုပ်ငန်းဖြစ်တဲ့အပြင် စွမ်းအင်သုံးစွဲမှုလည်း သက်သာတာကို တွေ့ရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ဖြေရှင်းချက်များကို အရေးပေါ်လိုအပ်နေချိန် အခုလိုမျိုး Sandcastle worm ကိုနမူနာယူထားတဲ့ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများဟာ စွမ်းအင်သုံးစွဲမှု လျှော့ချရေး၊   ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးတို့ အတွက် အဓိက သော့ချက်ဖြစ်လာပါပြီ။

ပါမောက္ခဝမ်ရှုတောင်ရဲ့စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ရဲ့လိုအပ်ချက်နဲ့အညီဖြစ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် တံခါးသစ်များကို   ဖွင့်လှစ်လိုက်တာပါပဲ။

ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိစေမယ့် အဖြေများအတွက်    သဘာဝကြီးကနေ ရှာဖွေဖို့ကသာ အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

ယနေ့ကမ္ဘာကြီးက ရာသီဥတုပြောင်းလဲမှုနဲ့ ရင်ဆိုင်လုံးပန်းနေရတာပါ။   ဒီအတွက်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလျှော့ချဖို့   အရေးတကြီးလိုအပ်နေပါတယ်။

ဒီအချိန်မှာ   မိမိတို့ရင်ဆိုင်နေရတဲ့ မေးခွန်းများအတွက် အဖြေကို မမျှော်လင့်ထားတဲ့နေရာတွေမှာတွေ့ရှိနိုင်ပါသေးတယ်ဆိုတာရယ်၊    မိမိတို့ကို သတ်မှတ်ချက်ဘောင် အပြင်ဘက်မှာ ရှာဖွေဖို့အတွက် လုပ်ဆောင်သင့်တယ်ဆိုတာရယ် တို့ကို အခုတွေ့ရှိချက်က သတိပေးနေတာဖြစ်ပါတယ်။

ကိုထက်