စပါးအသင်းနှင့် ပွဲစဉ်တွင် လီဗာပူးအသင်း အဝါကတ် ခုနစ်ကတ်အထိ ပြသခံရသည့်အတွက် ဒဏ်ကြေးငွေပြစ်ဒဏ် ချမှတ်ခံရ

စပါးအသင်းနှင့် ပွဲစဉ်တွင် လီဗာပူးအသင်း အဝါကတ် ခုနစ်ကတ်အထိ ပြသခံရသည့်အတွက် ဒဏ်ကြေးငွေပြစ်ဒဏ် ချမှတ်ခံရ

 

    စပါးအသင်းနှင့်  လီဗာပူးအသင်းတို့ ကစားသည့် ပွဲစဉ်တွင်  လီဗာပူးအသင်းအနေဖြင့်  ပွဲချိန်အတွင်း အဝါကတ်   ခုနစ်ကတ်အထိ ပြသခံရသည့်အတွက် ဒဏ်ကြေးငွေ စတာလင်ပေါင် ၂၅၀၀၀ ပြစ်ဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် ကစားသည့် စပါး အသင်းက  လီဗာပူးအသင်းကို  ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် လီဗာပူးအသင်းမှ အဲလက်စတာ၊ ဆာလက်ချ်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်တို့က အဝါကတ် တစ်ကတ်စီပြသခံရသည့်အပြင်  ဂျိုတာက  နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ကစားသမားများ အနေဖြင့်  အဝါကတ်ခြောက်ကြိမ်ရှိခဲ့ပြီး နည်းပြအဖွဲ့ဝင်တစ်ဦးလည်း အဝါကတ်ပြသ ခံရသည့်အတွက်  စုစုပေါင်း အဝါကတ် ခုနစ်ကတ်အထိ ရှိခဲ့၍ ဒဏ်ကြေးငွေပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများအရ တစ်ပွဲတည်း အဝါကတ်ခြောက်ကြိမ်နှင့် အထက် ပြသခံခဲ့ရသည့် အသင်းအနေဖြင့်  ကစားသမားများ ကို ထိန်းသိမ်းမှု အားနည်းသည့်အချက်ဖြင့် ဒဏ်ကြေးငွေ စတာလင်ပေါင် ၂၅၀၀၀ ပေးဆောင်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းသည် အဝါကတ် ခုနစ်ကြိမ် ပြသခံခဲ့ရသည့်အပြင်    ကွင်းလယ်ကစားသမား     ကာတစ်ဂျုံးစ်ကိုလည်း     တိုက်ရိုက် အနီကတ်ပြသခဲ့သဖြင့် လီဗာပူးအသင်းက ဂျိုတာ၏ နှစ်ဝါတစ်နီပြစ်ဒဏ်အတွက် အယူခံဝင်မည်မဟုတ်သော်လည်း    ကာတစ်ဂျုံးစ်၏    အနီကတ်ပြစ်ဒဏ် အတွက် အယူခံဝင်မည်ဟု ထုတ်ပြန်ခဲ့သည်။

စပါးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားသည့် ပွဲစဉ်တွင် သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည့် ကွင်းလယ်ဒိုင်လူကြီး ဆိုင်မွန်ဟော်ပါးနှင့် VAR  ဒိုင်လူကြီး  ဒရင်းအင်္ဂလန်တို့ကို  ယခုရက်သတ္တပတ်အတွင်း ကစားမည့်ပွဲစဉ်များတွင်    တာဝန်ရပ်ဆိုင်းထားကြောင်း သိရသည်။