မေ့ပျောက်မရနိုင်သောအတိတ်

ယနေ့လူငယ်မောင်မယ်တို့သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အမိနိုင်ငံတော်ကို တည်ဆောက်ကာကွယ်သူများ ဖြစ်လာကြပေမည်။ ယနေ့လူငယ်နောင်ဝယ် လူကြီးဆိုစကားအတိုင်း လူငယ်ဘဝတွင် မိမိတို့ သိသင့်သိထိုက်သည်များ၊ တတ်သင့်တတ်ထိုက်သည့် ပညာရပ်များနှင့် ပြည့်စုံအောင် ကြိုးစားရပေမည်။ သိသင့်သိထိုက်သည်များဆိုရာဝယ် စာပေများ ဖတ်ရှုလေ့လာခြင်း၊ ရှေးလူကြီးများ၏ လက်ဆင့်ကမ်းစကားများကို မှတ်သားထားခြင်းစသည်ဖြင့် ဗဟုသုတအရာ ပြည့်စုံကြွယ်ဝခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တတ်သင့်တတ်ထိုက်သည့် ပညာရပ်ဆိုသည်မှာ မိမိတို့နှင့် လိုက်ဖက်ညီမည့် အသက်မွေးမှုအတတ်ပညာရပ် တစ်ခုခုကို ဆိုလိုပေသည်။

စာပေဗဟုသုတနှင့် ပြည့်စုံမှသာ မိမိနိုင်ငံ၏ မမေ့ကောင်းသော အတိတ်သမိုင်းကြောင်းများ၊ နိုင်ငံအတွက် နစ်နာဆုံးရှုံးခဲ့ရမှုများကို သိရှိမည်ဖြစ်သည်။ တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်ခဲ့ရသည်မှစ၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအဘက်ဘက်တွင် နာလန်မထူအောင်နယ်ချဲ့ အုပ်စိုးသူတို့က နှိပ်စက်ခဲ့ခြင်း၊  မြန်မာ့မြေပေါ်တွင် မြန်မာတို့က နယ်ချဲ့တို့ကို ဘုရားထူးကာခေါ်ပြောရခြင်း၊ ဘိန်းဖြင့်လူညွန့်တုံးအောင် လုပ်ဆောင်ခြင်းတို့သည် မမေ့ကောင်းသော သမိုင်းဖြစ်ရပ်မှန်များ ဖြစ်သည်။

မြန်မာ့တော်လှန်ရေး ခေါင်းဆောင်များကို သူပုန်အဖြစ် သတ်မှတ်ကာ ဖမ်းမိလျှင် လူပုံအလယ်တွင် ခေါင်းဖြတ်သတ်ခံရသည်။  ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သူ  ဗိုလ်မင်းရောင်သည်ပင် နယ်ချဲ့တို့ ခေါင်းဖြတ်သတ်ခံခဲ့ရသူများတွင် တစ်ဦးပါဝင်သည်။ တောင်သူလယ်သမား ခေါင်းဆောင်ဆရာစံသည်ပင် ကြိုးပေးအသတ်ခံခဲ့ရသည်။ လူပုဂ္ဂိုလ်များသာမက ရဟန်းတော်များပင် ဖမ်းဆီးနှိပ်စက် အသတ်ခံခဲ့ရသည်။

အလားတူ အလွန်ဆိုးရွားရက်စက်စွာဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူတို့မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြသပိတ်မှောက်ကြသည်။ ထိုဆန္ဒပြသူများကို အင်္ဂလိပ်တို့က ရိုက်နှက်ဖမ်းဆီးထောင်ချခဲ့သည်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် သေဆုံးခဲ့သည်မှာ မမေ့နိုင်စရာအဖြစ်အပျက်ဖြစ်ပေသည်။

နယ်ချဲ့တို့သည် မြန်မာဘုရင်ကို ဖမ်းဆီးသွားပြီး ဘုရင်မျိုးနွယ်ဆက်ပြတ်သွားအောင် လုပ်ဆောင်ခဲ့သည်။

အဆိုးရွားဆုံး ဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရာတွင် အင်္ဂလိပ်နယ်ချဲ့တို့က လက်နက်ထုတ်ပေးခဲ့သည်။ အမှန်တကယ်ဆိုလျှင် ထိုစဉ်က မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ အင်္ဂလိပ်တို့သာ စေတနာစိတ်ထားကောင်းမွန်စွာဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို စောင့်ရှောက်ပေးမည် ဆိုလျှင် မြန်မာတို့အတွက် အာဇာနည်နေ့ဖြစ်ပေါ်လာဖွယ်မရှိပေ။ ထိုအင်္ဂလိပ်လူမျိုးကိုပင် အားကိုးသူများ ရှိနေခဲ့သည်မှာ ရင်နာဖွယ်ဖြစ်သည်။

အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် နယ်ပယ်ပေါင်းစုံတွင် နည်းလမ်းပေါင်းစုံ ပါဝင်လှုပ်ရှားခဲ့ကြသည်။ သူတို့က မြန်မာတို့ကို ကမ္ဘာ့အမြင်တွင် လူရိုင်းများအဖြစ် ရေးသားပုံဖော်ခဲ့ကြသည်။

မြန်မာတို့၏ရိုးရာစရိုက်၊ အလေ့အထအရ ဦးထုပ်ချွတ်ခြင်း၊ မချွတ်ခြင်း၊ ဖိနပ်ချွတ်ခြင်း၊ မချွတ်ခြင်း၊ ထိုင်၍ ဂါရဝပြုရခြင်း၊ ရပ်၍ဂါရဝပြုရခြင်း၊ ထမင်းကိုလက်ဖြင့်စားခြင်း၊ ဇွန်းခက်ရင်းဖြင့်စားခြင်း၊ ကြမ်းပြင်တွင်ထိုင်ခြင်း၊ ကုလားထိုင်တွင် ထိုင်ခြင်းစသည်ဖြင့် ဒေသအလိုက်ကွဲပြားသည်။ မတူသော အလေ့အထများကို တွေ့တိုင်း မြန်မာတွေ ရိုင်းလိုက်လေခြင်း ဟု သဘောထားပုံရလေသည်။

စက်မှုလက်မှုသိပ္ပံနှင့် နည်းပညာတိုးတက်မှုကို ပိုင်ဆိုင်သောအနောက်နိုင်ငံသားတို့သည် သာသနာပြုခြင်း၊ ဈေးကွက်ရှာခြင်းနှင့် နယ်ချဲ့ခြင်းကို အပြိုင်အဆိုင် လုပ်ဆောင်ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် လွယ်ကူချောမောရန်အတွက် မြန်မာတို့ရိုင်းသည်။ မောက်မာကြသည်။ သံတမန်ရေးရာများကို နားမလည် စသောရေးသား စွပ်စွဲချက်များ အသုံးပြုလာကြသည်။ ကျူးကျော်ရေး စစ်ပွဲများကို တရားမျှတသယောင် ဝါဒဖြန့်သည့် ရည်ရွယ်ချက်ဖြင့် မဟုတ်မတရား ရေးသားကြခြင်းသာဖြစ်သည်။ နောက်ဆုံး၌ မြန်မာဘုရင်ရှေ့တွင် ဖိနပ်စီး၍ ဝင်ခွင့်မရခြင်းကြောင့် စစ်ခင်းရဘိသကဲ့သို့ နီးနီးဖြစ်အောင် အနောက်တိုင်းသမိုင်းဆရာတို့ ရေးသားကြပြန်သည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ ဗမာလူမျိုးတို့ ပါဝင်ခွင့် အလျှင်းမရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီး  မြန်မာနိုင်ငံမှမဆုတ်ခွာမီ မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်များ စာရင်းကိုကြည့်လျှင် ကာကွယ်ရေးတွင် ဗမာလူမျိုးများပါဝင်ခွင့် လွန်စွာနည်းပါးလှသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သောအခါ ပြည်တွင်းရောင်စုံ သောင်းကျန်းသူများလည်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က တပ်မတော်အင်အားထက် ရောင်စုံသောင်းကျန်းသူ အင်အားက ပိုမိုများပြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် အတိတ်က နာကျည်းဖွယ်ရာများကို မှတ်တမ်းတင်နေသူများအတွက် ဤဖြစ်ရပ်များသည်လည်း မမေ့ဖွယ်ရာဖြစ်ရပ် အချို့တွင် ပါဝင်ကြောင်း ရေးသားလိုက်ရပေသည်။  ။