ဇင်ချန်ကိုအမှားကြောင့် ဂျာမနီဘက် ဂိုးပေးလိုက်ရသည့်အတွက် မိမိနှင့်မိသားစု အသက်အန္တရာယ်ခြိမ်း ခြောက်ခံနေရကြောင်း ဖွင့်ဟ

ကိဗ်၊ ဘောလုံး

ယူကရိန်းအသင်းသည် နိုဝင်ဘာ ၁၅ ရက်ညက ဦးဆောင်ဂိုးသွင်းနိုင်ပြီးမှ ဂျာမနီကို သုံးဂိုးပြန်ပေးပြီး ရှုံးခဲ့ရသည့် ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်၌ ဂျာမနီအသင်းပြန်သွင်းသည့် ပထမချေပဂိုးတွင် အမှားကျူး လွန်မိခဲ့သည့် ယူကရိန်း ကစားသမားဇင်ချန်ကိုနှင့် ၎င်း၏မိသားစုအပေါ် ယူကရိန်းပရိသတ်တချို့က အသက် အန္တရာယ် ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ကစားသမားကိုယ်တိုင်က အင်စတာဂရမ်တွင် ရေးသား ဖော်ပြသည်။

ဆာနေး ဂျာမနီအတွက်သွင်းသည့် ချေပဂိုးတွင် ဇင်ချန်ကိုသည် နေရာယူမှားရာမှ ဂျာမနီကစားသမား ဂိုရတ်ဇ်ကာထံ ဘောလုံးပေးလိုက်ရရာမှတစ်ဆင့် ဂိုးပေးလိုက်ရခြင်းဖြစ်ရာ ထိုပွဲအရှုံးကြောင့် ယူကရိန်း အသင်းသည် နေးရှင်းလိဂ်တွင်  ဒုတိယတန်းအဆင့်သို့ တန်းဆင်းရရန် နီးစပ်သွားသဖြင့် ယူကရိန်း ပရိသတ်များက ဒေါသထွက်ခဲ့ကြခြင်းဖြစ်သည်။

ဇင်ချန်ကိုက  “ဂျာမနီနဲ့ပွဲအပြီး  လူမှုကွန်ရက်မှာဝင်ဖတ်ကြည့်တော့  ကျွန်တော်နဲ့ကျွန်တော့်မိသားစုအပေါ် တိုက်ခိုက်ပြောဆိုမှုတွေ တွေ့ရတယ်။ သူတို့က အားပေးမှုဆိုတာကို ဘယ်လိုအားပေးရတယ်လို့ ခံယူထားကြ သလဲ။ ကံဆိုးလှစွာနဲ့ပဲ ကျွန်တော့်အတွက် နောက်ထပ်အမှားတစ်ခုကို လုံးဝထပ်မကျူးလွန်ရဲလောက်အောင် ဖြစ်သွားခဲ့ရတယ်။ ကျွန်တော်နဲ့ မိသားစုကို အသက်အန္တရာယ်ခြိမ်းခြောက်ကြတော့တာပဲ။ ဒီအရှုံးအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဆွစ်ဇာလန် လက်ရွေးစင် အသင်းနဲ့ ဗိုလ်လုပွဲသဖွယ် ကစားရဦးမှာဖြစ်လို့  ယူကရိန်းပရိသတ်တွေ အသင်းနဲ့အတူရှိနေပေးကြပါ” ဟု အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

 Ref:Dailymail