၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်

 

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်

 

နေပြည်တော်  အောက်တိုဘာ  ၄

    ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အားကစားရုံ၌ကျင်းပရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ    တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် အသင်းများမှ  အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ယနေ့ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြသည့်    ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် ပြိုင်ပွဲတွင် တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိအောင် ကြိုးစားဆောင်ရွက်မည်ဆိုသည့်  အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မိမိတို့၏ခံနိုင်ရည်၊ ဇွဲ၊စိတ်ဓာတ်များနှင့် တစ်ဦးချင်းအရည်အချင်း အစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ် ပြသကြစေလိုကြောင်း၊  အားကစားသမားကောင်းများ ပီသစွာ  သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း စနစ်တကျ လေးစားလိုက်နာသွားကြရန် လိုအပ်ကြောင်း၊   ပြိုင်ပွဲတွင်ကြီးကြပ်မည့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့် တင်းပေးနိုင်မည့် မျိုးဆက်သစ်လူငယ် လက်ဝှေ့အားကစား သမားကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ် သွားကြရန် တိုက်တွန်းမှာကြားရင်း ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း  ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက  အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပြိုင်ပွဲပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး

ကြသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို နိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့် လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းအား ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့်  နိုင်ငံ့ ကိုယ်စားပြုသွေးသစ် လက်ဝှေ့အားကစား သမားကောင်းများ  ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး ယနေ့တွင် အမျိုးသား ၅၁ ကီလို၊ အမျိုးသမီး ၄၈ကီလို၊ အမျိုးသား ၅၄ ကီလို၊ အမျိုးသား၆၀ ကီလိုနှင့် အမျိုးသား ၆၇ ကီလိုတန်း ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်ထားသည့် ကီလိုတန်းအလိုက် လက်ဝှေ့ပွဲစဉ်များ ကိုလည်း အောက်တိုဘာလ  ၁၁ ရက်အထိ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။