(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်း အားကစားနည်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်း အားကစားနည်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ

နေပြည်တော်  အောက်တိုဘာ  ၄

    တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ဒေသစံတော်ချိန်  ၉ နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ကျင်းပသည့် ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲ အမျိုးသားလေးယောက်တွဲဗိုလ်လုပွဲ အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင် ကစားကြရာ မြန်မာအသင်းက   နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး   ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။

    ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ  မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပထမဆုရရှိသည့် မြန်မာအသင်း၊ ဒုတိယဆုရရှိသည့် အင်ဒိုနီးရှားအသင်း၊ ပူးတွဲ တတိယဆုရရှိသည့် ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သော မြန်မာပိုက်ကျော်ခြင်း အသင်းကို နိုင်ငံတော်မှ ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

    အောက်တိုဘာ ၅ ရက်တွင် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား သုံးယောက်တွဲ အုပ်စု ပွဲစဉ်များအဖြစ် မြန်မာအသင်းသည် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဖိလစ်ပိုင် အသင်းနှင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ထိုင်းအသင်းနှင့် လည်းကောင်းယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။