မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် အောက်တိုဘာ ၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃ ရက် ညနေ ၃ နာရီတွင် တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ်ကွက် ရတနာလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သန်းကျော်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ပူးပေါင်းအဖွဲ့သည် မှော်ဘီမြို့နယ် (၄)ရပ်ကွက် အမှတ်(၄)လမ်းမကြီးတွင် ပိုင်စိုးဝေ(ခ)ကိုပိုင် မောင်းနှင်ပြီး စိုးသူ (ခ)ဝင်းကိုကို လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းင်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း၊ အလားတူ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲ တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် ဟော့ပေါ့အိုး ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ ရဲမင်းလတ်ကို စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဟော့ပေါ့အိုးအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၅၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ၎င်းနေထိုင်သည့် တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက် မြတ်လေးလမ်းရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၁၇၇ ကီလို ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။