မြစ်ကြီးနားမြို့၊ လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်

မြစ်ကြီးနားမြို့၊ လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၅

        ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ မြေမြင့်ဗုဒ္ဓ သာသနာပြုကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

        ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၆၅ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ဒုတိယတိုင်းမှူးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စိတ္တ သုခဘုန်းတော်ကြီးကျောင်းနှင့် လောက်ကိုင်မြို့၊ ပါစင်ကျော်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတို့မှ သံဃာတော် ၁၄၀ ပါးနှင့် ရပ်ကွက်နေဒေသခံပြည်သူ ၂၄၉ ဦးတို့ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများ၌ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။