၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲနှစ်ခု သက်ထားသူဇာ ဝင်ရောက် ယှဉ်ပြိုင်ရန်စီစဉ်

ရန်ကုန်၊ ကြက်တောင်

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲနှစ်ခုကို သက်ထားသူဇာ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း ၎င်း၏ဖခင် ဦးထွန်းထွန်းဇော်က ပြောသည်။

သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် အိုလံပစ်လက်ရည်စစ်ပွဲကာလ   လေးလအတွင်း နိုင်ငံတကာပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၂၁ တိုကျိုအိုလံပစ် ကြက်တောင်ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက်အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလလေးလအတွင်း ကျင်းပသည့် ပြိုင်ပွဲပေါင်း ၂၀ ကျော်မှ ရလဒ်များ ကိုသာ တွက်ချက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ သုံးခု ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းပြိုင်ပွဲ သုံးခုအနက် သက်ထားသူဇာက နိုင်ငံတကာ ကြက်တောင်စီးရီး ပြိုင်ပွဲနှစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်။

COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်၍ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပရန် ရွှေ့ဆိုင်းထားကြောင်း သိရသည်။   

ကိုရဲ