(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲမှ ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ
နေပြည်တော် အောက်တိုဘာ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပ လျက်ရှိရာ ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီတွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေ (Dragon Boat) အမျိုးသား/အမျိုးသမီး မီတာ (၅၀၀) (၁၂)တက်လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့သည် ပြိုင်ပွဲဝင်အားကစား သမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ယင်းနောက် အမျိုးသမီး မီတာ (၅၀၀) (၁၂)တက်လှော်ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် ကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယ ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အမျိုးသားမီတာ(၅၀၀)(၁၂)တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်းဝင်ရောက် ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယရရှိခဲ့ကြပြီး မြန်မာအသင်းက အဆင့်(၅)နေရာ ရရှိခဲ့သည်။
အလားတူ ကျင်းဟွာမြို့ Jinhau Sports Center ၌ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား သုံးယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖိလစ်ပိုင်အသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အမျိုးသမီးသုံးယောက် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် တောင်ကိုရီးယား အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကိုရီးယားအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် အမျိုးသား သုံးယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ထိုင်းအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အောက်တိုဘာလ ၆ ရက် ပွဲစဉ်များတွင် မြန်မာနိုင်ငံမှ ပိုက်ကျော်ခြင်း အားကစား နည်း အမျိုးသား သုံးယောက်တွဲ အုပ်စုပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အိန္ဒိယအသင်းနှင့် လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် နံနက် ၁၀ နာရီတွင် ထိုင်းအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် နဂါးလှေလှော် (Dragon Boat) အားကစားနည်း အမျိုးသား မီတာ (၁၀၀၀) (၁၂)တက်လှော်ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ (၁၀၀၀) (၁၂) တက် လှော်ပြိုင်ပွဲများတွင်လည်း ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။