နိုင်ငံတော် ကာကွယ်ရေးနှင့် မြန်မာ့သိုင်းပညာ

နိုင်ငံတော် ကာကွယ်ရေးနှင့် မြန်မာ့သိုင်းပညာ

 

    ယနေ့အချိန်တွင် မြန်မာ့တပ်မတော်အား “အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့်    ခေတ်မီမျိုးချစ် တပ်မတော်”အဖြစ်   တည်ဆောက်နေချိန်ဖြစ်ပါသည်။   မြန်မာ့တပ်မတော်သာလျှင်မက ကမ္ဘာပေါ်ရှိနိုင်ငံ အသီးသီးကလည်း ဘက်စုံစစ်ပွဲ အသွင်သဏ္ဌာန်များဖြင့်  အမျိုးမျိုးပြောင်းလဲလာသော ကမ္ဘာကြီး၏ စိန်ခေါ်မှုနောက်သို့ အမီလိုက်နိုင်ရန် ကာကွယ်ရေး စွမ်းရည်မြင့်သထက်မြင့်အောင်  ကြံဆောင်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပေသည်။  မြန်မာ့တပ်မတော်အနေဖြင့်    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၁၅ ခုနှစ်မှ စတင်ကာ တပ်မတော်သားတို့၏ ကိုယ်ကာယကြံ့ခိုင်မှုမှသည် နိုင်ငံတော် ကာကွယ်ရေးအတွက် အရေးပါသည့် မြန်မာ့သိုင်းပညာရပ်များ ပြန်လည်ပေါ်ထွန်းလာစေရေး ကြိုးစားဆောင်ရွက်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။               

သိုင်းဟူသော ဝေါဟာရအား လေ့လာကြည့်ရာ “ခုခံတိုက်ခိုက်သော ကိုယ်ခံပညာ”ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်ကိုတွေ့ရှိရ၏။ ရှေးမြန်မာမင်းများလက်ထက် စစ်ဆင်စစ်ထိုးပြုကြရာ၌ ဓား၊ လှံ၊ လေး၊ မြားတို့ကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်အောင် အသုံးပြုကာ တိုက်ပွဲဝင်ခဲ့ကြသည်။ အရေးကြုံလာပါက အရွယ်မရောက်သေးသူများနှင့် အိုမင်းမစွမ်းသူများမှအပ စစ်ချီစစ်ထိုးကြရသည်။ မိမိတို့အသုံးပြုသော လက်နက်များ၏ စွမ်းပကားအလိုက် ဓားခုတ် လှံထိုးပညာများကို ဆည်းပူးကြ၏။ ဤသို့ဖြင့် မြန်မာ့သိုင်းပညာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် ထွန်းကားလာခဲ့သည်။ မြန်မာရာဇဝင်တွင် မြင်းစီးကျွမ်းကျင်မှုနှင့်  ဓားရေး၊ လှံရေး၊  မြားရေးအတတ်ပညာရပ်များ ထူးချွန်သည့် သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့၏။

မြန်မာ့သမိုင်းတွင်  အနော်ရထာ၏ လှံရေးစွမ်းရည်၊   မင်းကြီးရန်နောင်၏ လက်သုံးတော် ယိမ်းနွဲ့ပါး ဓား၊ ပေါက်လှ၏ လှံချက်တို့သည်  မြန်မာ့သိုင်းပညာ ထွန်းကားခဲ့သည့်   မှတ်တမ်းများအဖြစ် ယနေ့ထက်တိုင်     ပြောစမှတ်တွင် နေဆဲဖြစ်သည်။ ထို့ပြင် အင်းဝခေတ်တွင် မင်းကြီးစွာစော်ကဲ၊ ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်တို့၏ စစ်ပွဲများ၊ တောင်ငူ-ညောင်ရမ်းခေတ်တွင်  မွန်မြန်မာ သိုင်းသူရဲကောင်းများ အစဉ်အဆက်ပေါ်ထွန်းခဲ့ကြကာ မြန်မာ့ဓားနှင့် သိုင်းစွမ်းရည်ကို တိုင်းတစ်ပါးသားတို့ကပင် အထင်ကြီး လေးစားသည်အထိ ဖြစ်ခဲ့ကြရသည်။  မြန်မာ့သမိုင်းနှင့် ခေတ်ပြိုင်သော်လည်းကောင်း၊ မြန်မာ့သမိုင်းထက်စောသည့် ကမ္ဘာ့သမိုင်းမှ တိုက်ပွဲများတွင် လည်းကောင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြသည့် သိုင်းပညာ ဖန်တီးမှုစွမ်းရည်များကို မြင်တွေ့ကြရပေမည်။ သိုင်းစွမ်းရည် အတတ်ပညာ မတူညီသော်ငြား တူညီသည့်အရာတစ်ခုမှာ ထိုသိုင်းစွမ်းရည်ဖြင့် တိုက်ပွဲအောင်မြင်အောင် စွမ်းဆောင်ခြင်းဟူသော အချက်ပင်ဖြစ်သည်။

သမိုင်းစဉ်တစ်လျှောက် ထွန်းတောက်ခဲ့သော မြန်မာ့သိုင်းပညာသည် တိုးတက် ထွန်းကားလာခဲ့သော ခေတ်မီနည်းပညာများအပြင် အမိနိုင်ငံတော် တိုင်းတစ်ပါးနယ်ချဲ့တို့ လက်အောက် ကျရောက်ချိန်မှအစပြုကာ  မီးခဲပြာဖုံးဘဝသို့ရောက်ရှိပြီး ကုန်းဘောင် ခေတ်နှောင်းပိုင်းကာလ၌ စတင်မှေးမှိန် ခဲ့ရလေသည်။  ဗြိတိသျှနယ်ချဲ့တို့ လက်အောက် ကျရောက်ချိန်တွင်မူ ပိုမိုဆိုးရွားခဲ့ရ၏။ သူ့ကျွန်မခံလိုစိတ်ဖြင့် ဓားကိုကိုင်စွဲကာ တိုက်ပွဲဝင်ကြသည့် မျိုးချစ်တိုင်းရင်းသား ပေါင်းစုံ၏ ဓားရေးစွမ်းရည်ကို သိနေကြသော ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာတိုင်းရင်းသားတို့အား လက်နက်ကိုင် ဆောင်ခွင့်ကို ပိတ်ပင်ခဲ့ကြ၏။ တင်းကျပ်လှသော နယ်ချဲ့တို့၏ ပိတ်ပင်တားဆီးမှုများကြောင့် အချိန်ကြာလာသည်နှင့်အမျှ သိုင်းပညာ တတ်ကျွမ်းနားလည်သည့် မျိုးချစ်ပုဂ္ဂိုလ်များ လျော့ပါးလာခဲ့ရ၏။ 

ထိုအခြေအနေများကြားကပင်  သိုင်းပညာ တတ်ကျွမ်းသည့် မျိုးချစ်ပုဂ္ဂိုလ်များကလည်း သိုင်းပညာ တိမ်မြုပ်ပျောက်ကွယ်မှာ စိုးသည့်စိတ်ဖြင့် ရနိုင်သမျှ နည်းလမ်းစုံဖြင့် လျှို့ဝှက်စွာ သင်ကြားခဲ့ကြသည်များလည်းရှိ၏။ (မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၊ စတုတ္ထပိုင်း၊ စာ ၂၃၂) တွင် “ကင်းဝန်မင်းကြီးသည်   ဓားသိုင်းတစ်နည်းကို ပွဲကျောင်းဘုန်းကြီးများထံက  နည်းရသည့်အတိုင်း   တတ်မြောက်ကျွမ်းကျင်သည်ကို လူတိုင်း မသိရအောင် လျှို့ဝှက်ထားသည်”  ဟူသော  ဖော်ပြချက်အရ နယ်ချဲ့တို့မသိအောင်   သိုသိုဝှက်ဝှက် သင်ကြားခဲ့ရကြောင်း  ပေါ်လွင်လှ၏။ 

ထိုသို့သောအခက်အခဲ များစွာကြားကပင် မြန်မာ့သိုင်းပညာကို  မဖြစ်ဖြစ်အောင် သင်ကြားရင်း  မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့် အကြောင်း  သမိုင်းမှတ်တမ်းများမှတစ်ဆင့် သိရှိခွင့်ရခဲ့ပါသည်။ တောင်သူလယ်သမား အရေးတော်ပုံကာလအတွင်း ဆရာစံ စုစည်းပေးသော တပ်ဖွဲ့ဝင်များကို ရရာ ဓား၊ တုတ်များဖြင့် နယ်ချဲ့ဗြိတိသျှတို့အား တိုက်ပွဲဝင်နိုင်စေရန် သိုင်းဆရာကြီး ဦးအိုက်ပန်းက သိုင်းပညာရပ်များ သင်ကြားပေးခဲ့၏။ အဆိုပါ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်စိတ် အပြည့်ဖြင့် ရဲစွမ်းသတ္တိပြခဲ့သော နောင်ချိုကြီးတိုက်ပွဲသည် မြန်မာတို့၏ ဓားစွမ်းရည်ကိုပြသခဲ့သော တိုက်ပွဲတစ်ခုပင်ဖြစ်ခဲ့ပါသည်။

မြန်မာ့သိုင်းပညာရပ်နှင့် ပတ်သက်လာလျှင် ထင်ရှားသော သိုင်းဆရာကြီးများဖြစ်သည့်ရှမ်းတရုတ်ဦးဘရင်၊    ရဲဦးဘသွင်၊  ဦးမေဓာ၊ ဦးမိုး စသည့်ဆရာကြီးများမှာ အထူးထင်ရှားခဲ့၏။

၁၉၄၄ ခုနှစ်တွင်   ဒေါက်တာဘမော် အစိုးရကကြီးမှူး၍     မြန်မာပြည်လုံးဆိုင်ရာ   သိုင်းပြိုင်ပွဲကြီးကို   ကျင်းပပေးနိုင်ခဲ့ပါသည်။   နယ်ချဲ့ဗြိတိသျှများ မြန်မာနိုင်ငံမှ    ဆုတ်ခွာသွားချိန်တွင် မြန်မာ့သိုင်းပညာကို လွတ်လပ်စွာ သင်ကြားခွင့်ရခဲ့ပါသည်။ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှာပင် ဗမာနိုင်ငံလုံးဆိုင်ရာ သိုင်းသမားများ အစည်းအရုံးကြီးကို စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း သိုင်းပြိုင်ပွဲများအား ၁၉၄၈၊ ၁၉၅၁၊ ၁၉၅၂  ခုနှစ်တို့တွင် ကျင်းပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်  မြုပ်ချည်တစ်ခါ ပေါ်ချည် တစ်လှည့်ဖြင့် ရှိခဲ့ရ၏။ သမိုင်း အထောက်အထားများအရ  ပုဂံခေတ်မှအစပြု၍  သက်တမ်း ထောင်ချီခဲ့ပြီဖြစ်သော  မြန်မာ့သိုင်းပညာရပ်သည် အမိနိုင်ငံတော်၏ ဟန်ပန်နှင့် လျော်ညီစွာ ပုံသွင်းကြိုးစားရင်း သမိုင်းအဆက်ဆက်ကို ဖြတ်သန်းခဲ့ရပါသည်။ မြန်မာ့ရိုးရာ သိုင်းပညာသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး၊ ကြံ့ခိုင်ရေးနှင့် သာယာပျော်ရွှင်ရေးတို့အတွက်သာမက  တိုင်းပြည်ကာကွယ်ရေး အတွက်ပါ အထောက်အကူပြုသည့်  ကစားနည်း တစ်ခုအဖြစ် တည်ရှိနေပါသည်။ တစ်နည်းဆိုရလျှင် အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့်   တိုင်းရင်းသားပြည်သူများ၏  ဇာတိသွေး  ဇာတိမာန်များကို လက်တွေ့ပြသသည့်   ပညာရပ်တစ်ခုလည်းဖြစ်၏။ ယနေ့အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ဦးတည်ချက်(၉) ရပ်၏ လူမှုရေးကဏ္ဍ၌ “တစ်မျိုးသားလုံး  သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက်  ပြည်သူအားလုံး အကျုံးဝင်မည့်  ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး”ဟူ၍ ဖော်ပြထားသည့်အတိုင်း နိုင်ငံတစ်ဝန်းလုံး ကြိုးစားပုံဖော်နေကြသည်ကို  မြင်တွေ့ကြရမည်ဖြစ်ပါသည်။                  

တပ်မတော်အနေဖြင့်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ  ၂၀၁၈-၂၀၁၉  ခုနှစ်တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်း ပြိုင်ပွဲကြီးအား ကျင်းပနိုင်ခဲ့ပြီး မြန်မာ့ရိုးရာ အမွေအနှစ်သိုင်းပညာများ  မပျောက်ပျက်သွားစေရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယနေ့ကာလတိုင်အောင်လည်း   တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် မြန်မာ့သိုင်းပညာရပ်များ အသက်ဝင်နေစေရေး ဆောင်ရွက်လျက်ရှိပြီး  ၂၀၂၃ ခုနှစ် စက်တင်ဘာလ၂၅ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ အကြိမ်(၃၀)မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကြီးကို နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းတွင်    ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းပြည် ကာကွယ်ရေးအတွက်လည်း အဖိုးတန်ခွန်အားများကို  ရရှိစေမည်ဖြစ်ပေသည်။   

တိုင်းပြည်ကာကွယ်ရေးအတွက်   မဖြစ်မနေ လိုအပ်သည့်   မြန်မာ့သိုင်းပညာကဲ့သို့သော  တိမ်မြုပ်ပျောက်ကွယ်လုနီး အဖိုးတန်        ရိုးရာအမွေအနှစ်ကို အမျိုးသားရေး  တာဝန်တစ်ရပ်သဖွယ် သဘောထားကာ ပြန်လည်ထွန်းကားအောင် ဆောင်ရွက်ခြင်းသည် တိုင်းပြည်အတွက် လိုအပ်နေသည့်    ကွက်လပ်တစ်ခုကို ဖြည့်ဆည်းခြင်းဟုလည်း ဆိုနိုင်ပါသည်။  

အကြိမ်(၃၀)မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲမှတစ်ဆင့်   ရာဇဝင်တွင်ခဲ့သည့် မြန်မာ့သိုင်းပညာ၏ တန်ဖိုးနှင့်အရေးပါမှုကို    သိရှိနားလည်ပြီး   အမိနိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှန်သော အမျိုးသားရေး ယုံကြည်ချက် ခံယူချက်များဖြင့်  လက်တွဲညီညီ ရှေ့သို့ချီနိုင်ကြပါစေကြောင်း တိုက်တွန်း ဆန္ဒပြုအပ်ပါသည်။   ။

ကိုးကား

၁။ မြန်မာ့ရိုးရာသိုင်းပညာသမိုင်း

   (မြန်စာဂုဏ်ကျော်မြင့်)