(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ရန်ကုန်  အောက်တိုဘာ  ၇

    ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဟန်ကျိုးမြို့တွင် ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူ များ၊    မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပန်းစည်းများ၊ အိုးစည်၊ ဒိုးပတ်များဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲ၌ ပထမရွှေတံဆိပ် တစ်ဆုရရှိသည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat)   အမျိုးသမီးမီတာ ၅၀၀ (၁၂)တက်လှော် ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်တစ်ဆုနှင့် အမျိုးသား မီတာ  ၁၀၀၀  (၁၂)တက်လှော်ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်တစ်ဆု ရရှိခဲ့သည့် လှေလှော်အားကစား အဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ပြန်လည် လိုက်ပါလာကြသည်။