ယူအေအီးနိုင်ငံ၌ ကျင်းပမည့် အဘူဒါဘီမာစတာ ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ ပထမအဆင့်မှ စတင်ကစားမည်
ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ကျင်းပမည့် အဘူဒါ ဘီမာစတာကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် ပထမအဆင့်မှ စတင် ကစားမည်ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ထိုင်းနိုင်ငံ၌ ကျင်းပသည့် ထိုင်းအင်တာနေရှင် နယ်စီးရီးကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်မှုကို နားထားပြီး တစ်လအကြာတွင် အဘူဒါဘီမာစတာ ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။
အဘူဒါဘီမာစတာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာသည် လက်ရည်စစ်အဆင့်မှ ယှဉ်ပြိုင်ကစားမည့် အိမ်ရှင်ယူအေအီးနိုင်ငံမှ ကြက်တောင်မယ်နှင့် အိန္ဒိယနိုင်ငံမှ ကြက်တောင်မယ်တို့အနက် အနိုင်ရရှိသည့် ကြက်တောင်မယ်နှင့် ပထမအဆင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
သက်ထားသူဇာသည် ပထမအဆင့်တွင် အနိုင်ရရှိပါက ဒုတိယအဆင့်တွင် ဗာကိုဘာနှင့် ကင်ဆာချာမစ်တို့ ပွဲစဉ်မှအနိုင်ရရှိသည့် ကြက်တောင်မယ်နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ ကမ္ဘာ့အဆင့် (၄၅) နေရာ၌ ရပ်တည်နေသည့် သက်ထားသူ ဇာသည် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ရရှိရန် ယခုနှစ်အတွင်း ကျင်းပသည့် အာရှပြိုင်ပွဲများအပြင် ဥရောပပြိုင်ပွဲများ၌လည်း ဆက်တိုက်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး အဘူဒါဘီမာစတာ ကြက်တောင် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာပြိုင်ပွဲ ၁၇ ခုအထိ ပါဝင်ကစားထားကြောင်း သိရသည်။
သက်ထားသူဇာသည် ယခုနှစ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများ၌ ဗီယက်နမ် အိုးပင်းကြက်တောင်ပြိုင်ပွဲနှင့် မောရစ်သျှအင်တာ နေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲတို့တွင် ပူးတွဲတတိယဆုများ ရရှိခဲ့ကြောင်း သိရသည်။