ဒုတိယအကြိမ် တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းက စာချုပ်ဖျက်သိမ်းပြီး အသင်းမှ ထုတ်ပယ်ရန်ပြင်ဆင်နေ

ဒုတိယအကြိမ် တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်အသင်းက စာချုပ်ဖျက်သိမ်းပြီး အသင်းမှ ထုတ်ပယ်ရန်ပြင်ဆင်နေ

 

    ဂျူဗင်တပ်စ်အသင်း    ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ တားမြစ်ဆေး သုံးစွဲထားခြင်း  ရှိ၊ မရှိကို ဒုတိယအကြိမ် ဆေးစစ်မှုပြုလုပ်ရာ   ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ဂျူဗင်တပ်စ်အသင်းက စာချုပ်ဖျက်သိမ်းပြီး  အသင်းမှထုတ်ပယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၃၀ အရွယ် ပေါ့ဂ်ဘာသည် ၂၀၂၂ ခုနှစ်က  မန်ယူအသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်  အသင်းဟောင်း   ဂျူဗင်တပ်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  နှစ်နှစ်စာချုပ်ချုပ်ဆို ပြီး ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့်ဘောလုံး ရာသီက  ဒဏ်ရာပြဿနာများကြောင့် ကာလရှည် အနားယူနေရသည့်အတွက်  ပွဲစဉ်တချို့သာ ပါဝင် ကစားနိုင်ခဲ့သည်။

ပေါ့ဂ်ဘာသည်  ယခုဘောလုံးရာသီတွင် ဒဏ်ရာ ပြန်လည်သက်သာလာပြီးနောက်   အသင်းနှင့်ပွဲစဉ်များကို ပါဝင်ကစားခဲ့သော်လည်း သြဂုတ် ၂၇ ရက်က   ကစားသည့်ပွဲစဉ်အပြီးတွင်   ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အကန့်အသတ်မရှိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပေါ့ဂ်ဘာက ၎င်းအနေဖြင့် တားမြစ်ဆေးသုံးစွဲခဲ့ခြင်း မဟုတ်ဘဲ     အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် ခွန်အားဖြည့်ဆေး တစ်မျိုးကို  သုံးစွဲခြင်းဖြစ်သည်ဟု ရှင်းလင်းခဲ့သော်လည်း  လက်ရှိအချိန်ထိ ပွဲပယ်ကျခံ နေရဆဲဖြစ်သည်။

ပေါ့ဂ်ဘာအနေဖြင့်  တားမြစ်ဆေးသုံးစွဲခြင်း ရှိ၊မရှိ သိရှိနိုင်ရန် ဒုတိယအကြိမ် စစ်ဆေးမှု ထပ်မံခံယူခဲ့ရာ  တားမြစ်ဆေး သုံးစွဲထားကြောင်း   စစ်ဆေးတွေ့ရှိခဲ့သည့်အတွက်  အီတလီနိုင်ငံဘောလုံးအဖွဲ့ ချုပ်က မကြာမီပြစ်ဒဏ် ချမှတ်ဖွယ်ရှိပြီး အနည်းဆုံး တစ်နှစ်မှ  အများဆုံး သုံးနှစ်အထိ  ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိကြောင်း သိရသည်။