နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး

နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး

 

    ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းတွင် လူသားတို့၏ ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည်  မြင့်မားတိုးတက်ရေးတို့ အတွက် နို့နှင့်နို့ထွက်ပစ္စည်းများကို ပိုမိုစားသုံးလာကြသဖြင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်း ကဏ္ဍသည် အရေးပါသောအခန်းမှ ပါဝင်လာသည်ကို တွေ့ရှိရပါသည်။ ခေတ်မီနည်းပညာများနှင့် နို့ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသကဲ့သို့ အရည်အသွေးကောင်းမွန်ပြီး အာဟာရတန်ဖိုးမြင့်မားသော နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးလည်း ဆောင်ရွက်လျက်ရှိကြပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့တွင် နို့ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးကို အပြိုင်အဆိုင် ဆောင်ရွက်လျက်ရှိပါသည်။ နို့နှင့်နို့ထွက် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အခြေအနေကောင်းများ ပိုင်ဆိုင်သော မြန်မာနိုင်ငံ၏ ရာသီဥတု၊  ရေမြေ၊  သဘာဝအပေါ် မူတည်၍ဆောင်ရွက်နိုင်သော မွေးမြူရေးလုပ်ငန်းများမှာ-

(က)   နို့စားနွားမွေးမြူရေး

(ခ)     နို့စားကျွဲမွေးမြူရေး

(ဂ)     နို့စားဆိတ်မွေးမြူရေးတို့ဖြစ်ပါသည်။

    နို့စားနွားမွေးမြူရေး   လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ချမှတ်ထားသော နို့စားနွား မွေးမြူရေးမူဝါဒအရ   ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းနွားမျိုးများကို မျိုးထိန်းပြီး မျိုးမြှင့်ခြင်းဆောင်ရွက်သကဲ့သို့ ပြည်ပမှနို့ထွက်ကောင်းသော နွားမျိုးများနှင့် ပြည်တွင်းနွားမျိုးများကို ရောနှောသားစပ်၍ ကပြားနို့စားနွားမျိုးများနှင့် နို့ထုတ်လုပ်ရေးကို ဆောင်ရွက်သွားရန်လိုပါမည်။ မြန်မာနိုင်ငံတွင် နို့ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၁၉၇၆ ခုနှစ် တွင် တိရစ္ဆာန်မွေးမြူရေး ကော်ပိုရေးရှင်းမှ ပြည်ပနို့ထွက်ကောင်းသော နွားမျိုးများကို တင်သွင်း ဆောင်ရွက်ခဲ့ခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နို့စားနွားမွေးမြူရေးဇုန် ၁၀ ခု တည်ထောင်၍ မျိုးချောင်းများ တင်သွင်း၍   ဆောင်ရွက်ခဲ့ပါသည်။

ထိုအချိန်က တင်သွင်းခဲ့သော နို့စားနွားမျိုးများမှာ ဖရီရှန်၊ ဂျာစီ၊ ဂန်စီ၊ နော်ဝေးဂျင်းရက်(ဒ်)၊ အေရှိုင်းယား နွားမျိုးများနှင့် နို့စားကျွဲမွေးမြူရေး အတွက် မူရား၊ နီလီရာဘီ မျိုးချောင်းများကို တင်သွင်းဆောင်ရွက်ခဲ့ပါသည်။ ကပြားနွားမျိုးများ၏ နို့ထွက်နှုန်းမှာ အထူးပင် တိုးတက်ကောင်းမွန်ပြီး နို့စားနွားမွေးမြူရေး လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်    ဆောင်ရွက်ခဲ့ကြသည်။

ထိုအချိန်က နွားမျိုးများ မျိုးမြှင့်ထုတ်လုပ်ရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့ခြင်း၊နွားစာ အစာကြမ်း ထုတ်လုပ်ခြင်းကို ဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ ပြည်ပမျိုးမြှင့်ထားသော   နွားများသည်  မြန်မာနိုင်ငံ၏ ရာသီဥတုဒဏ် မခံနိုင်ခြင်းနှင့် ခြင်၊ ယင်၊ မွှားတို့၏ ဒဏ်မခံနိုင်ခြင်း၊ ဒေသရောဂါဒဏ် မခံနိုင်ခြင်းတို့ကြောင့် ကြီးထွားနှုန်းကျဆင်းလာခြင်း၊ နို့ထွက်နှုန်း ကျဆင်းလာခြင်းတို့ကြောင့်    ထုတ်လုပ်မှုစရိတ်များမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပြီး နို့စားနွားမွေးမြူခြင်း အပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်လာခဲ့ပါသည်။ လက်ရှိအချိန်တွင် နွားစာ အစာကြမ်း ကိုယ်ပိုင်ထုတ်လုပ်သူများ၊ ခေတ်မီမွေးမြူရေး စနစ်များနှင့် နို့စားနွားမွေးမြူသူများသာ နို့စားနွားမွေးမြူရေး လောကတွင်  ဆောင်ရွက်နိုင်ကြကြောင်း တွေ့မြင်နေရပါသည်။ အထက်ပါ အားနည်းချက်များကို ကျော်လွှားနိုင်ရန် အတွက်  ခေတ်မီနည်းပညာများကို    အသုံးပြု၍ မြန်မာနိုင်ငံ၏ ဒေသအလိုက်၊  ဒေသနှင့်ကိုက်ညီသော နို့စားနွားမျိုးများကို မွေးမြူခြင်းဖြင့် နို့ထုတ်လုပ်ရေး အပိုင်းကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏  မြစ်ဝကျွန်းပေါ်နှင့်  ကမ်းရိုးတန်းဒေသတို့တွင် မျိုးမြှင့်နို့စားနွားမွေးမြူရေး လုပ်ငန်း ဆောင်ရွက်ရန်အတွက် ရာသီဥတု၊ ရောဂါဒဏ်၊ အစာကြမ်းဒဏ်ခံနိုင်မှု ကန့်သတ်ချက်ရှိသော နေရာများတွင် နို့စားကျွဲမွေးမြူရေးကို ဆောင်ရွက်သွားရန် ရွေးချယ်သင့်ပါသည်။ စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင်ရှိသော ကျွဲကောင်ရေ၏ ၉၅ ရာခိုင်နှုန်းမှာ အာရှနိုင်ငံများတွင်   မွေးမြူထားကြောင်းနှင့် အာရှနိုင်ငံများ၏ နို့ထုတ်လုပ်မှု၏ ၁၃ ရာခိုင်နှုန်းမှာ နို့စားကျွဲများမှ ထုတ်လုပ်နေကြောင်း တွေ့ရှိရသည်။ အဓိကအားဖြင့် နို့စားကျွဲနှင့် ခိုင်းကျွဲဟူ၍ နှစ်မျိုးရှိပါသည်။ ခိုင်းကျွဲများကို အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးတွေ့ရှိရပြီး နို့စားကျွဲများအနက် မူရားကျွဲမျိုးကို အိန္ဒိယတွင် လည်းကောင်း၊ နီလီရာဘီကျွဲမျိုးကို ပါကစ္စတန်တွင် လည်းကောင်း   တွေ့ရှိရသည်။ နို့စားကျွဲများ၏ ခန္ဓာကိုယ်အရွယ်အစားမှာ အမြင့် ၁၃၃ စင်တီမီတာ၊ အလေးချိန် ၄၈၀ ကီလိုဂရမ်ခန့်ရှိပြီး နို့ပေး ကာလရက်ပေါင်း ၃၀၀ အတွင်း၌ နို့ ၁၈၂၈ ကီလိုဂရမ် ပေးနိုင်ကြောင်း တွေ့ရှိရသည်။ နို့စားကျွဲနှင့် ခိုင်းကျွဲ ကပြားမျိုးများသည် နို့ ၂၀၀၀ ကီလိုဂရမ်ထိ ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ကျွဲမွေးမြူရေး၏ အားသာချက်များမှာ မိုးများပြီး ရွှံ့ညွန်ထူထပ်သောဒေသများတွင် ရာသီဥတုနှင့် ကိုက်ညီခြင်း၊ မှက်၊ ခြင်၊ ယင်၊ မွှား ဒဏ်ခံနိုင်ခြင်း၊ အစာကြမ်းကို စားသုံးနိုင်ခြင်းတို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသရှိ ကျွေးရွာများတွင် နို့ထုတ်လုပ်ရေးကို အားထား၍ ဆောင်ရွက်နိုင်သော မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ နို့စားကျွဲများကို မွေးမြူခြင်းဖြင့် အထီးများသည် အသားစားအဖြစ် အသုံးပြုနိုင်သဖြင့် ကျွဲမွေးမြူရေးကို တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

ရာသီဥတုအနေအထားအရ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော အပူပိုင်းဒေသများနှင့် တောင်ကုန်းတောင်တန်း ထူထပ်မြင့်မားသော ဒေသများတွင် ကျွဲ၊ နွားမွေးမြူရေးအတွက် ကန့်သတ်ချက်များ ရှိသော ဒေသများတွင် သမားရိုးကျ ဆိတ်မွေးမြူရေးလုပ်ငန်းကို မျိုးကောင်းသော နို့စားဆိတ်မွေးမြူရေး လုပ်ငန်းသို့ ပြောင်းလဲခြင်းဖြင့် အသားရော နို့ပါရရှိပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ရွာလုံးကျွတ် ဆိတ်မွေးမြူရေး လုပ်ငန်း  ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်နိုင်တစ်ပိုင် မွေးမြူရေးဆောင်ရွက်သော နေရာများစွာရှိပါသည်။ အဆိုပါဒေသများတွင် ကြီးထွားသော နို့စားဆိတ်မျိုးများ ထည့်သွင်းပေးခြင်းဖြင့် နို့ထွက်လုပ်ငန်းများကို ပိုမိုတိုးတက်ရန်  အလားအလာ ကောင်းများဖြစ်သည်။

နို့ထွက်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သကဲ့သို့  တန်ဖိုးမြှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးကို ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှုကို လျော့နည်းစေမည့်အပြင် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ စသော အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်သည့်အဆင့်သို့ ရောက်ရှိအောင်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတု၊ ရေ၊ မြေအနေအထားများအရ  နို့ထုတ်လုပ်ရေးအတွက် ဒေသအလိုက် ကိုက်ညီသော မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများ လက်ဝယ်တွင်ရှိနေပါသောကြောင့် ခေတ်မီမွေးမြူရေး နည်းပညာများ၊ အစာထုတ်လုပ်ရေး နည်းပညာများ၊   တန်ဖိုးတိုးမြှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး နည်းပညာများဖြင့်   ပံ့ပိုးဆောင်ရွက်မည်ဆိုပါလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး ပြည်ပနိုင်ငံများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

နို့နှင့်နို့ထွက်ပစ္စည်း   ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံတွင်-

-        သဘာဝအခြေအနေကောင်းများ ပေါကြွယ်ဝခြင်း။

-        ဒေသနှင့်ကိုက်ညီသော  မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း။

-        ခေတ်မီနည်းပညာများနှင့် ပညာရှင်များရှိနေခြင်း။

-        နို့နှင့်နို့ထွက်ပစ္စည်းဈေးကွက် ပြည်တွင်း/ပြည်ပတွင်ရှိနေခြင်း။

-        စိတ်ပါဝင်စားသော  မျိုးဆက်သစ်များ ရှိနေခြင်း။

-        နောက်ဆုံးပေါ်  နည်းပညာများနှင့် ဆောင်ရွက်သွားရန် အဆက်အသွယ်   ကောင်းများ ရှိနေခြင်း။

-        လက်တွေ့ဘဝတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များ ရှိနေခြင်းစသော   အခွင့်အလမ်းများရှိနေပါသည်။

သို့ဖြစ်ပါ၍  မြန်မာနိုင်ငံ၏ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် များစွာ အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းကြီး တစ်ခုပေါ်ထွက်လာနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။   ။