အဝလွန်ခြင်းနှင့် သွေးတိုးရောဂါအန္တရာယ်
အဝလွန်ပြီး သွေးတိုးရောဂါရှိသူတွေ အနေနဲ့ သက်လတ်ပိုင်း အရွယ်မှာပဲ သက်တမ်းမစေ့မီ အသက်သေဆုံးနိုင်ခြေရှိပါတယ်။ ကိုလက်စထရော သို့မဟုတ် ဂလူးကို့စ်ပမာဏ များပြားပြီး သွေးတိုးလာတဲ့ သက်လတ်ပိုင်းအရွယ်တွေအနေနဲ့ ရုတ်တရက် နှလုံးခုန်ရပ်သေဆုံးတာ သို့မဟုတ် လေဖြတ်တာ ဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုမိုများပြားတယ်လို့လည်း နှစ်စဉ်ပြုလုပ်တဲ့ ကမ္ဘာ့အကြီးမားဆုံး နှလုံးဆိုင်ရာ ညီလာခံကြီးဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာ ဥရောပအဖွဲ့အစည်းညီလာခံမှာ တင်ပြခဲ့ပါတယ်။
အသက် ၄၀-၅၀ လောက်မှာ အများစု တွေ့ကြုံလာတတ်ပြီး သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုတွေ ပုံမှန်မလုပ်တာ၊ ကျန်းမာရေး အန္တရာယ်တွေကို သတိမထားမိတာနဲ့ သင့်တော်တဲ့ ကျန်းမာရေး အကြံပြုချက်တွေကို မလိုက်နာတာတွေကြောင့် ရောဂါထူပြောလာပြီး သက်တမ်းမစေ့မီ စောစီးစွာ သေဆုံးနိုင်ခြေ ပိုများလာတာဖြစ်တယ်လို့ ဆွီဒင်နိုင်ငံမှ လေ့လာမှုဦးဆောင်သူ ဒေါက်တာလိနာလွန်က ဆိုပါတယ်။
သွေးတိုးရောဂါဆိုတာ ဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျမသိဘဲ ဖြည်းဖြည်းချင်း ဖြစ်လာတတ်တဲ့ ရောဂါဆိုပေမယ့် ဒုတိယအဆင့် သွေးတိုး (Second-ary Hypertension) ကတော့ ကျောက်ကပ်အပေါ်ကပ်လျက်က ဂလင်းမှာ အကျိတ်ရှိခြင်း၊ သိုင်းရွိုက်လုပ်ဆောင်ချက်မြင့်မားခြင်း၊ သွေးကြောတွေမှာ မွေးရာပါချို့ယွင်းမှုများ ရှိခြင်းနဲ့ အိပ်မပျော်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
သွေးတိုးဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ သွေးတိုးမျိုးရိုးရှိခြင်း၊ အဝလွန်ခြင်း၊ အထိုင်များခြင်း၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း/ဝါးခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အိမ် သို့မဟုတ် အလုပ်မှာ စိတ်ဖိစီးမှုအလွန်များခြင်း၊ ဆီးချိုနဲ့ကျောက်ကပ် စတဲ့ နာတာရှည်ရောဂါများရှိခြင်း၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ဒီ လုံလောက်စွာမရခြင်း၊ အငန်ဓာတ်များတဲ့ အစားအစာတွေစားခြင်း၊ အသက်အရွယ်ကြီးခြင်းတို့ဖြစ်ပါတယ်။
ဘယ်သူမဆို အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ မီလီမီတာပြဒါးထက် ကျော်လွန်တဲ့ အခြေအနေကို သွေးတိုးလို့ခေါ်ပါတယ်။ ရိုးရိုးကြည့်မယ်ဆိုရင် အန္တရာယ်များတဲ့ သွေးတိုးရောဂါကို ကာကွယ်ဖို့ ပထမအဆင့်မှာ နေထိုင်စားသောက်မှုပုံစံနဲ့ သွေးတိုး ရောဂါဖြစ်စေနိုင်တဲ့ အရာတွေကိုသိရှိပြီး အဲဒီအချက်တွေကို တိုက်ဖျက်ဖို့ ကျန်းမာစွာ နေထိုင်သင့်ပါတယ်။
ကျန်းမာတဲ့အလေ့အထတွေက ဝယ်ယူလို့မရတဲ့ အကျိုးကျေးဇူးကို ရပါတယ်။ ဆားစားသုံးမှုကို သတိပြုသင့်တယ်။ လေ့ကျင့်ခန်းကို ပုံမှန် အမြဲဆက်လုပ်သွားဖို့ ကိုယ့်ရဲ့ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အားဖြည့်ဖို့လိုအပ်တဲ့ ဗီတာမင် (Multivitamin) သောက်သင့်ပါတယ်။ အိမ် သို့မဟုတ် အလုပ်မှာ စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင် ကြိုးစားသင့်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသင့်တယ်။
ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေဖြစ်ဖို့ နေထိုင်စားသောက်မှု ပုံစံပြောင်းခြင်းက များစွာသက်ရောက်မှုရှိပါတယ်။ ဆရာဝန်က သွေးပေါင်ကျဆေးပေးတဲ့အခါ မှန်မှန်သောက်သင့်တယ်။
သွေးတိုးလက္ခဏာခံစားရပါက စိတ်အလိုလိုက်မနေဘဲ ကျန်းမာတဲ့ လူနေမှုပုံစံအတိုင်းနေပါ။ သွေးတိုးလက္ခဏာ သိသိသာသာ ပေါ်လာပြီး အဓိကရောဂါကြီးတစ်ခုဖြစ်မလာမီ သွေးတိုးကို ကာကွယ်တိုက်ဖျက်ခြင်းက ပိုမိုအကျိုးရှိပါတယ်။
သွေးတိုးရောဂါက လက်ဝဲခန်းမမြှောင် (Left Ventricle)) မှာ အဆက်မပြတ် ပြောင်းလဲမှုများ၊ လက်ဝဲအက်ထရီယမ် (Left Atrium) နဲ့ သွေးကြောရှည်များ တိုးပွားလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှလုံးသွေးကြောတွေကြောင့် ဖြစ်ပါတယ်။ သွေးတိုးရောဂါက နှလုံးကို ပိုမိုဖိစီးစေပြီး မိုင်ရိုကာဒီယမ် က (Myocardium) များ ခန္ဓာဗေဒနဲ့ လုပ်ဆောင်မှုဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေတယ်။ အဲဒီ ပြောင်းလဲမှုတွေက နှလုံးချို့တဲ့မှုကို ဦးတည်စေနိုင်တဲ့ လက်ဝဲခန်းမမြှောင် (Left Ventricle) တိုးချဲ့ခြင်း ပါဝင်တယ်။ လက်ရှိကုသမှုပဲ ဆက်လက် ခံယူသင့်ပါတယ်။
သွေးတိုးကုသဆေးက တစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။ အမ်လိုဒီပင်း (Amlodipine)နဲ့ Atorvastatin 5mg သို့မဟုတ် Diroton 5mg ၊ ဆီးဆေး (Furosemide 40 mg) ပေးတာက သွေးတိုးမထိန်းနိုင်တဲ့သူတွေအတွက် ပိုမိုထိရောက်မှုရှိတယ်။
ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ သွေးတိုးကို ပုံမှန်အိပ်ဆေးနဲ့ ထိန်းထားလို့မရပါဘူး။ သွေးတိုးသမားက နေ့စဉ် သို့မဟုတ် တစ်ရက်ခြား သို့မဟုတ် အနည်းဆုံး တစ်ပတ်တစ်ကြိမ် သွေးပေါင်ချိန်သင့်ပါတယ်။ ဆိုလိုတာက မိသားစုဆရာဝန်နဲ့ အနီးကပ်ဆုံးနေသင့်ပါတယ်။ သွေးတိုးရောဂါရှိပြီး ဆေးမှန်မှန်သောက်သုံးသူတွေက လူ့သက်တမ်းစေ့နေရတာ များပါတယ်။
ဒါပေမဲ့ သွေးတိုးရောဂါကို ဂရုမစိုက်တဲ့အပြင် အဝလွန်တာကိုလည်း ဂရုမစိုက်တဲ့အခါ အချိန်မတိုင်မီ အသက်သေဆုံးတာ၊ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။
အခုခေတ်မှာ အလွယ်တကူ ဝယ်ယူစားသောက်နိုင်တဲ့ အသင့်အမြန်စား အစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ ထမင်း၊ ဟင်းနဲ့ အချိုရည်တွေက သွေးတိုးကို ပိုဆိုးစေလို့ တတ်နိုင်သမျှ မစားမိအောင် ရှောင်ကြဉ်သင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်