ယနေ့လူငယ် နောင်ဝယ်လူကြီး
လူငယ်တစ်ဦး မဖြစ်မနေရှိရမည့် အရေးကြီးဆုံးသော အရည်အချင်းမှာ မိမိနေသောပတ်ဝန်းကျင်အကျိုးကို ကောင်းအောင်ဆောင်ရွက်ရေးပင်ဖြစ်သည်။ မိမိပတ်ဝန်းကျင်မကောင်းလျှင် မိမိသည်လည်း မကောင်းနိုင်တော့ချေ။ ထိုသို့ဆိုလျှင် လူငယ်တစ်ဦး၏ ဆောင်ရွက်နိုင်သည့်စွမ်းအားတို့ ယုတ်လျော့သွားသလို လူငယ်တစ်ဦး၏ ရရှိခံစားပိုင်ခွင့်တို့သည်လည်း ရပ်တန့်သွားမည်သာဖြစ်သည်။ ထို့ကြောင့် ဆောင်ရွက်ရဲရန် လိုအပ်သည်။ မိမိပတ်ဝန်းကျင် လုံးဝကောင်းစားရေးအတွက် လုံးဝတာဝန်ယူနိုင်ရမည်။ ဆောင်ရွက်ရခြင်းသည် မွေးရာပါအခွင့်အရေးပင်ဖြစ်သည်။ သတ္တိဆိုသည်မှာ ကိုယ်ပိုင်းဆိုင်ရာရဲရင့်မှုဖြစ်ပြီး ဗျတ္တိဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြစ်သည်။
မဟုတ်မခံ၊ မမှန်မလုပ်ဟူသော သတ္တိမျိုး၊ အခက်အခဲဇွဲနှင့်နွှဲမည်ဟူသော ဗျတ္တိမျိုးကို လူငယ်တိုင်းမွေးမြူရမည်။ သတ္တိ၊ ဗျတ္တိပြည့်ဝမှုသည် လူငယ်၏ ပတ်ဝန်းကျင်၊ အထက်၊ အောက်၊ ဘေးတိုက်တို့၏ ချမ်းသာသုခကို ရရှိစေပြီး လူငယ်လည်း လူသားတာဝန်ကျေရာရောက်သည်။
နိုင်ငံရေးသီအိုရီအမြင်ဖြင့် ပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုအဖြစ် ပေါ်ထွက်လာသည့် အဆိုပြုချက်သည် Civic Education ဖြစ်လေသည်။ Civic Education သည် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ နိုင်ငံရေး Institution များနှင့် Public Policies များကို လူအများသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ပညာပေးခြင်းဖြစ်သည်။ ထိုအယူအဆ သီအိုရီ၏ ရည်မှန်းချက်သည် How to nurture to be good citizen ပင်ဖြစ်လေသည်။ စတမ်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခဝီလျှံဒါမွန်က ဒီမိုကရေစီအောင်မြင်ချင်လျှင် ပြည်သူ့နီတိသင်ရမည်ဟု ပြောကြားခဲ့သည်။ ဒီမိုကရေစီလူ့ဘောင်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တန်းတူအခွင့်အရေးရရှိမှု၊ မတူကွဲပြားမှုကို နားလည်လက်ခံမှု စသည့် အလေ့အကျင့်ကောင်းများရရှိရေးအတွက် ငယ်စဉ်ကျောင်းသားဘဝကတည်းကပင် ပြုစုပျိုးထောင် လေ့ကျင့်ပေးထားသည်။
နိုင်ငံသားတစ်ဦးသည် အများသူငါ အကျိုးစီးပွားနှင့် မိမိ၏ကိုယ်ပိုင် အကျိုးစီးပွားယှဉ်တွဲလာပါက အများပြည်သူအကျိုးစီးပွားကို ဦးစားပေးတတ်သည့် Civic Virtue ရှိနေစေရန်အတွက် လေ့ကျင့် ပျိုးထောင်ပေးရန်ပင် ဖြစ်သည်။ အကျင့်ပျက်မှု၊ ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့၏ အခြေခံပြဿနာသည် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့မှုကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ပင်ကိုစိတ်၊ ပင်ကိုစရိုက် ဖြူစင်သန့်ရှင်းစေရန်နှင့် မိမိပေးပြီးသော ကတိကဝတ် တည်ကြည် ခိုင်မြဲနေစေရန်၊ နိုင်ငံကြီးသားပီသသော လူ့ကျင့်ဝတ်သိက္ခာတို့ကို အစဉ်သင်ယူ လေ့လာနေရမည် ဖြစ်သည်။ Civics ကို လေ့လာခြင်းဖြင့် လူ့အခွင့်အရေးဆိုင်ရာ Civics များနှင့် ယဉ်ပါးလာစေသည်။ လူငယ်တို့၏ အနာဂတ်လမ်းကြောင်းတွင် လူ့အခွင့်အရေးနှင့်စပ်ဆိုင်သော ဂုဏ်သိက္ခာ၊ လွတ်လပ်ခြင်း၊ ခွဲခြားမှုမပြုခြင်း၊ တန်းတူညီမျှခြင်း၊ အခြားသူ၏အခွင့်အရေးကိုနားလည်ခြင်း စသည်တို့သည် Civics ကြောင့်ပင် သိရှိလာနိုင်သည်။
ဂုဏ်သိက္ခာ
လူငယ်တို့အတွက် ဂုဏ်သိက္ခာသည်အရေးကြီးသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ (၄၄)၌ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့်မရှိစေရဟူ၍ ပြဋ္ဌာန်းထားသည်။ ပုဒ်မ(၃၅၈)၌လည်း နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကိုတားမြစ်သည် ဟူ၍ ပြဋ္ဌာန်းထားပြန်သည်။ လူ့ဂုဏ်သိက္ခာအလိုအရ ထိုသို့ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ နိုင်ငံသားတို့၏ မွေးရာပါဂုဏ်သိက္ခာသည် ဖယ်ရှားထုတ်ပယ်၍မရသော အခွင့်အရေးကို အသိအမှတ်ပြုခြင်းဖြစ်သည်။
လွတ်လပ်ခြင်း
လူသားများသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြသူများ All human being are born free and equal)ဖြစ်သည်။ ထို့ကြောင့် လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့် (Everyone has the right to life liberty and security of person) ရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ (၃၅၄)၌ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် ဟူ၍ ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။ နိုင်ငံသားတို့သည် မိမိ၏ လွတ်လပ်ခွင့်နှင့်အတူ တစ်ပါးသူ၏ လွတ်လပ်ခွင့်ကိုလည်း မထိပါးမိစေရန် အထူးသတိပြုသင့်သည်။
အပြန်အလှန်လေးစားခြင်းရှိမှသာလျှင် လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်သည် အန္တရာယ်ကင်းမည်ဖြစ်သည်။ တစ်ဖန် ဥပဒေများ၊ ဒေသိယဓလေ့ထုံးစံများကိုလည်း လေးစားလိုက်နာကျင့်သုံးတတ်လာမည်ဖြစ်သည်။
ခွဲခြားမှုမပြုရေး
ယနေ့အချိန်အခါ၌ လူကုန်ကူးမှုများ၊ လိင်ကျွန်ပြုမှုများ၊ လူများအားတရားမဝင် သယ်ယူပို့ဆောင်နေမှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်နေမှုများ၊ ခေတ်သစ်ကျွန်ပြုမှုများ၊ ရက်စက်စွာညှဉ်းပန်းနှိပ်စက်မှုများကို စိတ်မချမ်းမြေ့စရာ တွေ့မြင်ကြားနေရသည်။ ခွဲခြားခြင်းသည် ပြဿနာဟုဆိုပါက ထိုအခြေအနေကို ထိန်းချုပ်ခြင်းနှင့် တည်ငြိမ်အေးချမ်းအောင်ပြုခြင်းသည်သာ အဖြေဖြစ်သည်။ခွဲခြားဆက်ဆံခံရသူက ထိတ်လန့်နေချိန်ဝယ် ခွဲခြားဆက်ဆံသူကလည်း စိုးရိမ်ရေမှတ် ရောက်နေနိုင်သည်။ ဤသည်ကို လူငယ်တို့သိသင့်သည်။
တန်းတူညီမျှရေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ (၃၄၇)၌ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိထားသည်။
ထို့ကြောင့် လူအားလုံးသည် ဥပဒေအရာ၌ တူညီကြသည့်အပြင် ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာခံစားပိုင်ခွင့်ရှိသည်ဟု လူငယ်တို့ နားလည်ထားရမည်။ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှဖွံ့ဖြိုးရေး၊ မိခင်နှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရေးတို့သည် တန်းတူညီမျှရေး စံနှုန်းအရလိုအပ်လာသလို လူသားတစ်ဦးအနေနှင့်လည်း လိုအပ်သည်။
အခြားသူများ၏ အခွင့်အရေးကိုလေးစားရေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ (၃၅၃)၌ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရဟု ပြဋ္ဌာန်းကာကွယ်ထားသည်။ အခြားသူများ၏ အခွင့်အရေးများ လေးစားရေးစံနှုန်းသည် ကြိုးစားသင်ယူရန် လိုအပ်ဆဲဖြစ်သည်။ ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ဖောက်ခွဲခြင်း၊ ကိုယ်၊ နှုတ်၊ နှလုံး မယဉ်ကျေးခြင်း၊ အထက်၊ အောက်၊ ဘေးတိုက် ပွတ်တိုက်ခြင်းသည် အခြားသူများ၏ အခွင့်အရေးကို မလေးစားခြင်းပင်ဖြစ်သည်။
လူငယ်တို့သည် လူ့အခွင့်အရေးဆိုင်ရာ အခြေခံစိတ်ရင်းများကို မွေးမြူသင့်သည်။ လူ့အခွင့်အရေးသည် ပြဋ္ဌာန်းချက်များအတွင်း တည်ဆဲဥပဒေများနှင့် ယဉ်ပါးစွာနေထိုင်ခြင်းဖြစ်သည်။ စည်းကမ်းနှင့် ဥပဒေနယ်ပယ်တွင် စည်းကမ်းနှင့် ဥပဒေတို့၏အဓိပ္ပာယ်ကို သိရှိနားလည်ခြင်း၊ အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ အဖွဲ့အစည်း စည်းကမ်းများကို တန်ဖိုးထားလေးစားလိုက်နာခြင်း၊ ဥပဒေ၏ သဘောသဘာဝကို သိရှိသဘောပေါက်ပြီး နိုင်ငံသားတစ်ဦးအနေနှင့် ဥပဒေဘောင်အတွင်းနေထိုင်ခြင်း၊ ဥပဒေကို သိရှိလေးစား လိုက်နာကျင့်သုံးတတ်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရရှိလာနိုင်သည်။ ထိုသို့ခံစားရရှိခြင်းကြောင့် ငြိမ်းချမ်းသည်ဟုဆိုနိုင်သည်။
ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်တတ်သည့် နည်းလမ်းများ၊ အလေ့အကျင့်ကောင်းများလည်းရရှိလာသည်။ လူငယ်တို့ပိုင်ဆိုင်လိုသော၊ တည်ဆောက်လိုသော၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် လူငယ်တိုင်းလူငယ်တိုင်း တာဝန်ယူကြိုးစား ဆောင်ရွက်သင့်ပြီဟု တိုက်တွန်းလိုပါသည်။ ။
ကိုဇော်ဌေး(ယဉ်ကျေးမှု)