မပစ်ပယ်သင့်သောသံပုရာသီးခွံ

မပစ်ပယ်သင့်သောသံပုရာသီးခွံ

ပြည်တွင်း၌   စားသုံးမှုများသော အသီးအနှံများတွင် သံပရာသီးလည်းတစ်မျိုး အပါအဝင်ဖြစ်သည်။  သံပရာသီးကို ဗမာသံပရာ၊  ရှမ်းသံပရာ၊ မုံရွာသံပရာ၊ သံပရိုသီး စသည်ဖြင့်  အမျိုးအစားခွဲခြားစိုက်ပျိုးလေ့ရှိပြီး  ယင်းအမျိုးအစားများအနက် ဗမာသံပရာသီးမှာ    တစ်နှစ်ပတ်လုံးထွက်ရှိသည်။ သံပရာပင်ကို   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   စဉ့်ကိုင်မြို့နယ်နှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ   ကျေးရွာများ၌ အဓိကစိုက်ပျိုးသည်။ ဆေးဖက်ဝင်သံပရာသီးကို ပြည်တွင်းစားသုံးမှုများလာပြီး ယခုနှစ်တွင်  သံပရာသီးဈေးနှုန်း  ပိုမိုရရှိလာကာ သံပရာစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

သံပရာသီးကို အချဉ်ပေါင်းအဖြစ် လည်းကောင်း၊  သံပရာရည်၊   သံပရာယိုအဖြစ် စားသုံးကြသည့်အပြင် အသုပ်အမျိုးမျိုးနှင့် ဟင်းလျာအမျိုးမျိုးတွင်လည်း သံပရာသီးကို အသုံးပြုကြသည်။

ဆေးဖက်ဝင် သံပရာသီးခွံ

ဆစ်ထရစ်အက်စစ်ကြွယ်ဝသော  သံပရာသီးကို ဗီတာမင်စီဖြည့်စွက်စာအဖြစ် လူသိများသော်လည်း     သံပရာသီးခွံ၏ ဆေးဖက်ဝင်ပုံကို   သိသူနည်းလှသည်။ ကျန်းမာရေးသုတေသီများ၏မှတ်တမ်းများ အရ  သံပရာသီးခွံသည် အတွင်းအသားထက် ဗီတာမင်ဓာတ် ငါးဆမှ ၁၀ ဆအထိ ပိုမိုပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် အရည်ညှစ်အသုံးပြုပြီးသော သံပရာသီးခွံများကို  ပြန်လည်အသုံးပြုနိုင်သည်။

သံပရာသီးခွံများက အောက်ဖော်ပြပါနည်းလမ်းအသွယ်သွယ်ဖြင့် ကျန်းမာရေး ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်သည်။

သံပရာသီးခွံထဲတွင်    ပါရှိသော သဘာဝအဆီဓာတ်က သွေးလေကျေစေ ခြင်း၊  အဆီကျစေခြင်း၊  မကောင်းသော ကိုလက်စထရောများ ကျစေခြင်းစသည့် အာနိသင်ရှိသည်။ ထို့ကြောင့် ထမင်းစား သည့်အခါတိုင်း    အရည်ညှစ်ပြီးသား သံပရာသီးခွံကိုပါးပါးလှီး၍   အတို့အမြှုပ်အဖြစ် စားနိုင်သည်။

သံပရာသီးခွံထဲတွင် အင်ဇိုင်းများစွာ ပါရှိသဖြင့်     ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

သံပရာသီးခွံထဲတွင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်စီဓာတ်များ ပါရှိသဖြင့် အရိုးသန်မာစေပြီး အဆစ်အမျက် ရောင်ခြင်း၊    အရိုးအားနည်းခြင်းကို ကာကွယ်ပေးနိုင်သည်။

ဗီတာမင်နှင့်သတ္တုဓာတ်များအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါရှိသဖြင့် သံပရာသီးခွံကို စားပေးပါက အသားကျစ်လစ်ခြင်း၊ အဆိပ်အတောက် ကင်းခြင်း၊ သွေးသားသန့်စင်ခြင်း၊ ဆံသား ကောင်းမွန်ခြင်း၊   အသားအရည်ဝင်းပကြည်လင်ခြင်းအကျိုးများကို  ခံစားစေနိုင် သည်။

သံပရာသီးခွံတွင် အမျှင်ဓာတ်များစွာ ပါရှိသဖြင့်   အစာခြေစနစ်ကို  အကျိုးပြု သည့်အပြင်  ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုမဖြစ်စေရန် ကာကွယ်ပေးသည်။

နာတာရှည်သွေးတိုးရောဂါရှိသူများ အတွက် သံပရာသီးခွံက သက်စောင့်ဆေး တစ်လက်ဖြစ်သည်။

-နှာစေး၊      ချောင်းဆိုးခြင်းအတွက် သံပရာသီးခွံကိုမီးဖုတ်၍ ထွက်လာသောအနံ့ကို ရှူရှိုက်ပေးခြင်းဖြင့်  သက်သာပျောက်ကင်းစေနိုင်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း၊  ခေါင်း မကြည်လင်ခြင်း၊     စိတ်ဖိစီးမှုများခြင်း အတွက် သံပရာသီးခွံကို လက်သည်းဖြင့် ဆိတ်၍ ထွက်လာသောသံပရာသီးခွံအဆီကို ရှူရှိုက်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

ကားမူးခြင်း၊ ရထားမူးခြင်း၊ လေယာဉ် မူးခြင်းကြောင့်   မူးဝေအော့အန်လေ့ရှိသူများအနေဖြင့် သံပရာသီးခွံကို ငုံထားပါက သက်သာစေနိုင်သည်။

သံပရာသီးလတ်လတ်ဆတ်ဆတ်ကိုစိတ်ကာ ကြွေဖန်ခွက်ထဲသို့ အရည်ညှစ်ပြီး သံပရာသီးခွံပါထည့်၍ ရေနွေးဆူဆူဖြင့် သောက်သုံးပါ။ တစ်ကြိမ်သောက်ပြီးတိုင်း ကြွေဖန်ခွက်ထဲသို့  ရေနွေးပူဖြည့်ထည့်၍    ရေဆာတိုင်းသောက်ပါ။   ထိုသို့  နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့်     သွေးထဲရှိ အဆီခဲများကို ကျေပျက်စေခြင်း၊ သွေးတိုးကျခြင်း၊  ခန္ဓာကိုယ်တွင်းအရည်ဓာတ်ကို   ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်တွင်း ဗက်တီးရီးယားပိုးများ    အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးခြင်း၊  ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း    စသည့်ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

လှပမှုရေးရာများအတွက် သံပရာသီးခွံ

ခြေဖဝါး၊  ခြေဖမိုး၊  ခြေချောင်းနှင့် ခြေသည်းခွံများ မည်းညစ်နေခြင်းအတွက် သံပရာသီးခွံ   လက်တစ်ဆုပ်စာကို  ၁၅ မိနစ်ခန့်ကြာအောင်ပြုတ်၍ အအေးခံပါ။ ထို့နောက်  ယင်းပြုတ်ရည်ကို ဇလုံထဲသို့ ပြောင်းထည့်ပြီး နွားနို့ ၁/၄ ခွက်၊ သံလွင်ဆီ    စားပွဲတင်ဇွန်းနှစ်ဇွန်းရောထည့်၍ ခေတ္တအအေးခံပြီး   ရေခပ်နွေးနွေးထဲကို ခြေမျက်စိမြုပ်ရုံအထိ   မိနစ် ၂၀ ခန့်ကြာအောင် စိမ်ထားပေးခြင်းဖြင့် သန့်ရှင်းစင်ကြယ်စေသည်။

သံပရာသီးခွံအနည်းငယ်၊ သကြား ဟင်းစားဇွန်းသုံးဇွန်းနှင့် သံလွင်ဆီ  ဟင်းစားဇွန်းနှစ်ဇွန်းခန့်ကို ကြိတ်စက်ဖြင့်ကြိတ်ပါ။  ထိုသံပရာသီးခွံအနှစ်များဖြင့်  ခြေ၊လက်တို့ကို   ပွတ်တိုက်နှိပ်နယ်ပြီးနောက် ရေအေးဖြင့်ဆေးပါက (ရေခဲရေမဟုတ်ပါ) အသားအရေကို သိသိသာသာ နူးညံ့ချောမွတ်စေနိုင်သည်။

အသက်အရွယ်ကြောင့် မျက်နှာတွင် ပေါ်လာတတ်သော     အမည်းစက်များအတွက်   သံပရာသီးခွံကိုညှစ်၍  ရလာ သောအဆီဖြင့်  လိမ်းပြီးနောက် အချိန်တစ်နာရီခန့်အကြာ ရေအေးဖြင့် မျက်နှာသစ်လိုက်ပါက နူးညံ့ချောမွတ်စေနိုင်သည်။

ချိုင်းချွေးနံ့နံခြင်း၊    ချိုင်းသားနှင့် ပေါင်ခြံများမည်းညစ်ခြင်းတို့အတွက် သံ ပရာသီးခွံကိုပြောင်းပြန်လှန်၍ အတွင်းသားဖြင့် ချိုင်းသား၊ ပေါင်ခြံများကိုဖိတိုက်ပေးပါက အနံ့နံခြင်းများ ပျောက်ကင်းစေနိုင်သည်။

တံတောင်ဆစ်နှင့် ဒူးခေါင်းများ ကြွပ်စွဲ၍မည်းနေသူများ သံပရာသီးခွံကို ဆား ဖြင့်ရောကြိတ်၍ ရလာသည့် အနှစ်များဖြင့် ပွတ်တိုက်ပေးပါက  ပျောက်ကင်းစေနိုင်သည်။

ဘက်စုံသုံးသံပရာသီးခွံ

သံပရာသီးခွံကို   ရေခဲသေတ္တာထဲ ထည့်ခြင်းဖြင့် အတွင်းရှိအနံ့အသက်များ ကို သံပရာသီးခွံကစုပ်ယူကာ ရေခဲသေတ္တာ ကို အနံ့အသက်ကောင်းစေနိုင်သည်။

သတ္တုဖြင့်ပြုလုပ်ထားသော ရေနွေး ကရားအိုး သို့မဟုတ် ကော်ဖီနှပ်အိုးများ၏ အတွင်းပိုင်းအောက်ခြေတွင် ချေးတက်ပြီး မည်းနေတတ်ရာ ထိုအိုးထဲသို့ လက်တစ်ဆုပ် စာပမာဏရှိသော သံပရာသီးခွံများ ခပ်ပါး ပါးလှီးထည့်၍ ရေအပြည့်ထည့်ကာ ရေနွေးဆူပွက်လာသည်အထိ  တည်ပေးပါ။ မီးခလုတ်ပိတ်၍ ရေနွေးအေးလာသည်အထိ အချိန်တစ်နာရီကြာထားပေးပါ။ ထို့နောက် သံပရာသီးခွံပြုတ်ရည်ကိုသွန်၍ တိုက်ချွတ် ဆေးကြောခြင်းဖြင့်     အိုးအတွင်းပိုင်း အောက်ခြေတွင် စွဲကပ်နေသော ချေးများ ပျောက်စေနိုင်သည်။

စားဖိုဆောင်တွင်း   အနံ့အသက် မကောင်းခြင်းအတွက်ကိုလည်း ရေနွေးအိုး ကိုအဖုံးဖွင့်ကာ သံပရာသီးခွံများထည့်၍ ပြုတ်ပေးခြင်းဖြင့် ယင်းအိုးထဲမှထွက်ရှိလာ သော အခိုးအငွေ့များက စားဖိုဆောင်ခန်း ၏ လေထုကိုသန့်စင်ပေးသည်။ 

ပုစွန်၊   ပင်လယ်စာနှင့်   ငါးညှီများ ကိုင်တွယ်ပြီးနောက်    သံပရာသီးခွံဖြင့် ပွတ်တိုက်ပေးပါက  လက်ပေါ်ရှိ  အညှီနံ့များ ပျောက်စေနိုင်သည်။

စတီးလ်ဖြင့်ပြုလုပ်ထားသော ဓား၊ အိုး၊ ပန်းကန်၊ ခွက်၊ ပန်းကန်ဆေးဘေဆင်၊ လက်ဆေးခွက်များတွင် ချေးညှော်များတက်နေခြင်းအတွက် ဦးစွာယင်းပစ္စည်းပေါ်ကို  ဆားကြမ်းအနည်းဖြူးပြီး သံပရာသီးခွံနှင့် ပွတ်တိုက်ပြီး ရေလောင်းချလိုက်သည့်အခါ ပကတိအတိုင်း သစ်လွင်လာနိုင်သည်။

မိုက်ကရိုဝေ့ဖ်မီးဖိုထဲတွင် မည်းညစ်နေခြင်းအတွက်    ဦးစွာ   မိုက်ကရိုဝေ့ဖ် သုံးခွက်ထဲသို့ သံပရာသီးခွံထည့်ကာ ရေတစ်ဝက်ဖြည့်၍   အချိန်ငါးမိနစ်ခန့်ကြာ ပြုတ်ပါ။ မီးခလုတ်ပိတ်ပြီး ထိုခွက်ကို အပြင် မထုတ်ဘဲ ယင်းမီးဖိုထဲတွင် ဆက်လက်ထား ပေးခြင်းဖြင့် ထွက်ရှိလာသော သံပရာသီးခွံ ပြုတ်ရည်အငွေ့များက   မီးဖိုနံရံများကို အလိုအလျောက်သန့်ရှင်းစေသည်။

မီးဖိုချောင်သုံး  စဉ်းတီတုံးများပေါ် အသား၊   ငါးများခုတ်ထစ်ပြီးသည့် အခါတွင်လည်း သံပရာသီးခွံများဖြင့် ပွတ်တိုက်ပေးပြီး    မိနစ်အနည်းငယ်အကြာတွင် ရေဆေးကြောပေးလိုက်ခြင်းဖြင့်  ဗက်တီးရီးယားပိုးများ မပေါက်ပွားစေနိုင်တော့ပေ။

အမှိုက်စို၊  အမှိုက်ခြောက်များထားသော အမှိုက်ပုံးကို အနံ့အသက်ကင်းစေ ရန် ယင်းပုံးများထဲသို့ သံပရာသီးခွံထည့်ပါ။ ထိုအခွံများက  အနံ့ဆိုးများကို   အလိုအလျောက်စုပ်ယူပေးနိုင်ကြောင်း ရေးသား လိုက်ရပါသည်။      

ပေါက်ပေါက်