အာရှအားကစားပွဲတော်ကို ထူးခြားဆန်းပြားသော အခမ်းအနားများဖြင့် ပိတ်သိမ်း
ဟန်ကျိုး အောက်တိုဘာ ၈
ပြင်းထန်လှသော ပြိုင်ဆိုင်မှုများဖြင့် ၁၅ ရက်တိုင်တိုင် ယှဉ်ပြိုင်ခဲ့ကြသည့် အာရှအားကစားပွဲတော်သည် အောက်တိုဘာလ ၈ ရက်တွင် ထူးခြားခမ်းနားသော အခမ်းအနားများဖြင့် ပိတ်သိမ်းသွားပြီဖြစ်သည်။
တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာလ ၂၃ ရက်မှ စတင်ကျင်းပခဲ့သည့် အာရှအားကစားပွဲတော်ကို အောက်တိုဘာလ ၈ ရက်တွင် ပိတ်ပွဲအခမ်းအနားဖြင့် ခမ်းခမ်းနားနား ပိတ်သိမ်းလိုက်နိုင်ခြင်းဖြစ်သည်။
အားကစားပွဲတော်ကို ရေရှည်တည်တံ့ ခိုင်မြဲသောစွမ်းအင်၊ အစိမ်းရောင်စွမ်းအင်တို့ဖြင့် အလှဆင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည့်အတွက် အခမ်းအနားများတွင် မည်သည့်မီးရှူးမီးပန်းမျှ ပစ်ဖောက်ခြင်းမရှိဘဲ နည်းပညာကိုသာ အသုံးချတန်ဆာဆင်သွားခြင်း ဖြစ်သည်။
ပိတ်ပွဲအခမ်းအနားတွင် Asia ဟူသောစာလုံးက ကျန်ထန်းချန်မြစ် အတွင်းမှတက်လာပြီး အနီးရှိအခမ်းအနား ကျင်းပရာ အားကစားကွင်းအတွင်း ဒီရေလှိုင်းများကဲ့သို့ ကျဆင်းသွားသည့်ပုံစံကို Augmented Reality (AR) နည်းပညာအသုံးပြု ဖော်ပြသွားသည်ကို တွေ့ရသည်။
ထို့နောက် အာရှအိုလံပစ်ကောင်စီခေတ္တ ဥက္ကဋ္ဌ ရာဇာရန်ဒီယာဆင်းက အားကစား ပွဲတော်ကိုပိတ်သိမ်းကြောင်း ကြေညာပြီး အာရှအိုလံပစ် ကောင်စီအလံကို ၂၀၂၆ ခုနှစ်တွင် အာရှအားကစားပွဲတော် လက်ခံကျင်းပမည့် အာအိချီနှင့် နာဂိုယာမြို့တို့မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။
အကြိမ်(၂၀)မြောက် အာရှအားကစား ပွဲတော်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကျင်းပရန် လျာထားသည်။
ယခုအားကစားပွဲတော်တွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ပြိုင်ပွဲဝင်ပေါင်း ၁၂၀၀၀ ကျော်က ပြိုင်ပွဲစဉ်ပေါင်း ၄၈၁ ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တရုတ်နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခုအပါအဝင် ဆုတံဆိပ်စုစုပေါင်း ၃၈၃ ခုဖြင့် ပထမနေရာကို လည်းကောင်း၊ ဂျပန်နိုင်ငံက ရွှေတံဆိပ် ၅၂ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၁၈၈ ခုဖြင့် ဒုတိယနေရာကို လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံက ရွှေတံဆိပ် ၄၂ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၁၉၀ ဖြင့် တတိယနေရာကို လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။