အစ္စရေးနဲ့ပါလက်စတိုင်းတို့ကြား ဘယ်တော့များမှ ငြိမ်းချမ်းရေးရပါ့မလဲ
ကမ္ဘာပေါ်မှာရှိတဲ့သူတွေထဲက ကမ္ဘာ့ရန်ဘက်များ အဖြစ် သတ်မှတ်ခံထားရသူတွေကို ပြပါဆိုရင် အစ္စရေးနဲ့ အာရပ်တို့ကိုသာ လက်ညှိုးထိုးပြရပါလိမ့်မယ်။ အစ္စရေးနဲ့ အာရပ်လို့ဆိုရာမှာလည်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြားက ပဋိပက္ခကသာ အပြင်းထန်ဆုံး ဖြစ်မှာပါ။
အခုဆိုရင် အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းမှာ ပါလက်စတိုင်းတို့ဘက်က အစ္စရေးထဲကို ဒုံးကျည်အစင်းပေါင်း ၅၀၀၀ ကျော်ပစ်လွှတ်ပြီး ရုတ်ခြည်းတိုက်စစ်ကို ဖွင့်လိုက်ပါတယ်။
ဒါ့အပြင် ပါလက်စတိုင်းတို့က အစ္စရေးနိုင်ငံ တောင်ပိုင်း နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး အစ္စရေးရဲ့ နယ်စပ်စစ်စခန်းတွေကို ဝင်တိုက်ကာ စစ်သည်များနဲ့ အရပ်သားတချို့ကို ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားခဲ့ပါတယ်။
အစ္စရေးဆိုတာကလည်း ဘယ်တုန်းကမှ သေးသေးတင်မခံခဲ့တဲ့သူ ဖြစ်လေတော့ အချိန်တိုအတွင်းမှာပဲ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပါတယ်။
အခုနောက်ဆုံးရ သတင်းတွေအရဆိုရင် အစ္စရေး လေတပ်က ပါလက်စတိုင်းတို့ဘက်က ဟားမတ်စစ်သွေးကြွတွေရဲ့ ထောက်လှမ်းရေး အကြီးအကဲရုံးကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လိုက်တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေအထိ ဒီတိုက်ခိုက်မှုထဲမှာ သေဆုံးသူ အရေအတွက်က အစ္စရေးဘက်ကဆိုရင် အယောက် ၃၀၀ ကျော်၊ ဟားမတ်တို့ဘက်ကလည်း အယောက် ၃၀၀ ကျော်နဲ့ နှစ်ဖက်ဒဏ်ရာရရှိသူ အရေအတွက်ကတော့ ၄၀၀၀ ဝန်းကျင်ရှိပါတယ်။
ဒီအချိန်မှာ လက်ဘနွန်ထဲမှာရှိတဲ့ ဟစ်ဇဘိုလာ စစ်သွေးကြွတို့ကလည်း အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသနဲ့ လက်ဘနွန်-ဆီးရီးယား နယ်စပ်ကြားကနယ်မြေကို အောက်တိုဘာလ ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဟစ်ဇဘိုလာတို့ အနေနဲ့ ဟားမတ်တို့ရဲ့တိုက်ခိုက်မှုကိုထောက်ခံပြီး သူတို့နဲ့တစ်သားတည်းရှိတယ်ဆိုတဲ့အချက်ကို ထုတ်ပြသွားတာပါ။ ဒါပေမဲ့လည်း ဒီလိုတိုက်ခိုက်မှု လုပ်ဖို့အတွက် ကြိုတင်ညှိနှိုင်းထားပြီး ဖြစ်လောက်ပါတယ်။
အစ္စရေးတို့ဘက်ကလည်း အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေအသုံးပြုပြီး ဟစ်ဇဘိုလာတို့ဘက်ကို တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက်မှာတော့ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်က ပါလက်စတိုင်း ပြည်သူများရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက် အလေးပေး ပြောသွားတဲ့ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
တစ်ဖက်မှာလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးနိုင်ငံက စစ်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ အရန်အင်အားစုများအားလုံး စစ်ဘက်တာဝန်များကိုပြန်လည်ထမ်းဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဟားမတ်တို့ဘက်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ အစ္စရေးစစ်သည်နဲ့ အရပ်သား စုစုပေါင်း အယောက် ၁၀၀ ဝန်းကျင်ကို ဓားစာခံအဖြစ်ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ အရာရှိကြီးတချို့လည်း ပါတယ်လို့ဆိုကြပါတယ်။ ဒါဟာ အစ္စရေးအတွက်တော့ တကယ့်ကိုစိန်ခေါ်မှုကြီး တစ်ခုပါပဲ။
အစ္စရေးဘက်က ဟားမတ်တို့အပေါ် တုံ့ပြန်မှုမှာတော့ ဗုံးကြဲတိုက်ခိုက်မှု အမြောက်အမြားကိုပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းဘက်က နေအိမ်များ၊ အဆောက်အဦများ ရာနဲ့ချီ ပျက်စီးဆုံးရှုံးသွားတာ တွေ့ရပါတယ်။
ဒါ့အပြင် ပါလက်စတိုင်းတို့အတွက် လိုအပ်တဲ့ လျှပ်စစ်မီးကို အစ္စရေးက ထောက်ပံ့ပေးထားတာဖြစ်တာကြောင့် အခုလိုစစ်ဖြစ်ချိန်မှာ အစ္စရေးတို့က ပါလက်စတိုင်းဘက်ကို လျှပ်စစ်မီး ဖြတ်လိုက်ပါတယ်။
အခုတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် မေလနောက်ပိုင်း အစ္စရေးနဲ့ ဟားမတ်တို့ကြား အကြီးကျယ်ဆုံး တိုက်ခိုက်မှုဖြစ်သလို လူသေဆုံးမှု အများဆုံးသော တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလတုန်းက နှစ်ဖက်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှုက ၁၁ ရက်ကြာမြင့်ခဲ့တာပါ။ ဒါပေမဲ့ လူသေဆုံးမှု အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက ၂၅၆ ဦးနဲ့ အစ္စရေးဘက်က ၁၃ ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။ အခုတော့ နှစ်ဖက်လူသေဆုံးမှုက ပထမရက်မှာတင် အယောက် ၆၀၀ ကျော်ရှိသွားပါပြီ။
ဟားမတ်တို့အနေနဲ့ အခုလိုမျိုး တိုက်ခိုက်မှုတွေ လုပ်နိုင်တာဟာ တော်ရုံတန်ရုံကြိုတင် ပြင်ဆင်မှုနဲ့တော့ လုပ်ဟန်မတူပါဘူး။ နောက်ကွယ်မှာ တခြားအင်အားကြီး ထောက်ပံ့မှုတွေလည်း ရှိနေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ပထမဆုံး တိုက်ခိုက်မှုမှာတွင် ဒုံးကျည်အစင်းပေါင်း ၅၀၀၀ ကျော်ကို အသုံးပြုလိုက်တာပါ။ အစ္စရေးဘက်ကတော့ ဟားမတ်တို့ အသုံးပြုတာ ဒုံးကျည်အစင်းပေါင်း ၃၀၀၀ ကျော်လို့ပြောပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကနဦး တိုက်ခိုက်မှုမှာတင် ဒုံးကျည်အစင်းရေ ထောင်ချီအသုံးပြုနိုင်တယ်ဆိုတာက နည်းနည်းတော့ ဖြုံလောက်ပါပေတယ်။
၂၀၂၁ ခုနှစ်တုန်းက အစ္စရေးရဲ့ သံကွန်ချာအမည်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်က ကောင်းကောင်းကြီး အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ဘာကြောင့် အလုပ်မဖြစ်တော့တာလဲ ဆိုတာကလည်း စဉ်းစားစရာပါ။
ဖြစ်နိုင်စရာရှိတဲ့ အကြောင်းရင်း တစ်ခုကတော့ အစ္စရေးတို့ရဲ့ အားလပ်ရက်နဲ့ တိုက်ဆိုင်နေတာပါပဲ။ နောက်တစ်ခုက ၁၉၇၃ ခုနှစ် အောက်တိုဘာလ ၆ ရက်မှာ အစ္စရေးနဲ့အာရပ်အဖွဲ့တို့ကြား ဖြစ်ပွားတဲ့ ယွန်ကစ်ပါ စစ်ပွဲစတင်မှု နှစ် ၅၀ ပြည့်ပြီး နောက်တစ်နေ့မှာ အခုစစ်ပွဲဖြစ်ပွားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ပထဝီနိုင်ငံရေး အခြေအနေကို သုံးသပ်ကြည့်ရင် အစ္စရေးမှာ ကျောထောက်နောက်ခံအနေနဲ့ အမေရိကန်ရှိသလို အစ္စရေးနိုင်ငံကိုယ်၌လည်း ကြံ့ခိုင်မှုရှိအောင် တည်ဆောက်ထားတာပါ။ တစ်ချိန်တုန်းကဆိုရင် အစ္စရေးရဲ့ မော့ဆတ်ဆိုတာ ကမ္ဘာမှာနာမည်ကြီး ထောက်လှမ်းရေးအဖွဲ့ပါ။
တစ်ဖက်မှာပြန်ကြည့်ရင် ပါလက်စတိုင်းဆိုတာ အာရပ်ကမ္ဘာမှာ ပါဝင်တဲ့ဒေသ တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် အာရပ်နိုင်ငံတွေအားလုံးရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။ ဆိုရရင် အစ္စရေးဟာ အာရပ်တွေကြားမှာ ရောက်နေတာဖြစ်ပေမယ့် သူ့ကိုယ်သူ သန်မာအောင် တည်ဆောက်ပြီး ဟိုကတစ်ချက်ဆိုရင် သူကဆယ်ချက်လောက် လက်တုံ့ပြန်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေတွေအရ ကြည့်ရင်လည်း အာရပ်နိုင်ငံတော်တော်များများက အစ္စရေးနဲ့ သင့်မြတ်ရေးလမ်ကြောင်းကို ဦးတည် လျှောက်လှမ်းနေကြတာပါ။
အဲဒီထဲမှာ တစ်ချိန်ကအစ္စရေးနဲ့ စစ်ဖြစ်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အီဂျစ်အပါအဝင် ဂျော်ဒန်၊ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့မော်ရိုကိုနိုင်ငံတို့ပါဝင်ပါတယ်။ ဆော်ဒီနဲ့ အစ္စရေးဆိုရင်လည်း ငြိမ်းချမ်းရေး သဘောတူညီချက် ရလုနီးပါးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအခြေအနေတွေကို မနှစ်မြို့နိုင်တာက ဟားမတ်အဖွဲ့ပါ။ ဟားမတ်အဖွဲ့ဆိုတာ ပါလက်စတိုင်းတို့အတွက် တပ်မတော် တစ်ရပ်သဖွယ်ဖြစ်နေပါတယ်။
ဒါကြောင့် ဟားမတ်တို့ရဲ့တိုက်ခိုက်မှုက ပါလက်စတိုင်းရဲ့ တိုက်ခိုက်မှုလို့လည်း ပြောနိုင်ပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ တုံ့ပြန်မှုကိုလည်း နည်းနည်းတော့ လေ့လာကြည့်သင့်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရကတော့ အစ္စရေးကိုအစွမ်းကုန် ကူညီသွားမယ်လို့ပြောထားတာကို တွေ့ရပါတယ်။ ဒါကတော့ ဘယ်မှာပဲစစ်ဖြစ်ဖြစ် အမေရိကန်တို့က လက်နက်ရောင်းရဖို့သာ အဓိကမဟုတ်လား။
ရုရှားအစိုးရကတော့ နှစ်ဖက်အဖွဲ့တွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ တိုက်တွန်းထားသလို အစ္စရေးနဲ့ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တို့ကြား ငြိမ်းချမ်းရေးရရှိအောင် နှစ်ပေါင်းများစွာကြာ ကြားဝင်စေ့စပ်ပေးနေတဲ့ အီဂျစ်အစိုးရကတော့ ဒေသအတွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် ပြင်သစ်အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကတော့ ဘယ်သူမှမသိနိုင်သေးပါဘူး။ ဒါပေမဲ့ အခုဖြစ်ပွားတဲ့စစ်ပွဲဟာ လွယ်လွယ်နဲ့ အဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲ။
အပေါ်မှာပြောခဲ့သလိုပဲ အခုလိုစစ်ဖြစ်ရခြင်း၊ ဟားမတ်တို့ဘက်က ဒုံးကျည်ထောင်ချီ အသုံးပြုနိုင်ခြင်း၊ ဒီလိုတိုက်ခိုက်မယ်ဆိုတာကို နာမည်ကျော် ထောက်လှမ်းရေးအဖွဲ့က သတင်းမရခြင်း အစရှိတဲ့ အခြေအနေတွေရဲ့ နောက်ကွယ်မှာ တခြားအင်အားကြီး ပါဝင်ပတ်သက်မှုတွေ ရှိနေနိုင်မှာကတော့ မလွဲဧကန်ဖြစ်ပါတယ်။
နောက်တစ်ချက်က အစ္စရေး-ဟားမတ်စစ်ပွဲဆိုတာ အမေရိကန်နဲ့အီရန်တို့ကြားက ဒါမှမဟုတ် အမေရိကန်နဲ့ တခြားတတိယနိုင်ငံတို့ကြားက ကိုယ်စားစစ်ပွဲလည်း ဖြစ်နေနိုင်ပါတယ်။ ယူကရိန်းစစ်ပွဲက အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ရုရှားတို့ကြားက ကိုယ်စားစစ်ပွဲဖြစ်သလိုပေါ့။
ဘာကြောင့်လဲဆိုရင် ဘယ်သူကမှတော့ စစ်ကိုမဖြစ်ချင်ကြပါဘူး။ ဒါဟာမှန်သော စကားပါ။ ဒါပေမဲ့ စစ်ပွဲမှ စစ်ပွဲဖြစ်ချင်နေသူတွေကလည်း သက်သက်ကို ရှိနေပါတယ်။ ဘယ်လိုလူတွေလဲဆိုရင် ဒီစစ်ပွဲကနေ အကျိုးအမြတ် ရရှိမယ့်သူတွေပါ။
ဒါကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြားမှာ ဘယ်အချိန်မှ ငြိမ်းချမ်းရေးရမှာလဲဆိုတဲ့ မေးခွန်းအတွက်ကတော့ ကျွန်တော့်မှာ အဖြေမရှိပါဘူး။ သေချာတဲ့တစ်ချက်က နောင်အနှစ် ၂၀ ကြာတဲ့အထိ တစ်နည်းအားဖြင့် မျိုးဆက်တစ်ဆက်စာ ကာလအထိ နှစ်ဖက်ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။