ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၉

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ် တို့ရှိ တပ်နယ်ခန်းမ များ၌ အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြား သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ် တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် AK- 47 မောင်းပြန်သေနတ် ၂ လက်ကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး AK- 47 မောင်းပြန်သေနတ်  ၂ လက်အတွက် ဆုကြေး ငွေကျပ်သိန်း ၁၀၀ ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁ ဦးလျှင် ထောက်ပံ့ငွေ ကျပ်သိန်း ၂၀ ၊  စုစုပေါင်းငွေကျပ်သိန်း ၃၄၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ  ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများက လက်ခံရယူကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ အသီးသီး လွှဲပြောင်း ပေးအပ်ကြသည်။

          ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာ သူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။