လားရှိုးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ပညာရည်ချွန် ဆုပေးပွဲပြုလုပ်

လားရှိုးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ပညာရည်ချွန် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၉

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပညာပါရမီခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဂုဏ်ထူးရရှိကြသူများ၊ ပညာရည်ချွန်ဆုရရှိကြသူများနှင့် မြို့နယ်အဆင့် အားကစား ပြိုင်ပွဲများနှင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် ထူးချွန်သော ပညာရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။