အာရှဖလားဖူဆယ် ခြေစစ်ပွဲတွင် မြန်မာအသင်း အိန္ဒိယအသင်းကို အနိုင်ရရှိ
ရန်ကုန် အောက်တိုဘာ ၉
တာဂျစ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိနေသည့် AFC Futsal Asian Cup ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် မြန်မာဖူဆယ်အသင်းနှင့် အိန္ဒိယဖူဆယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာဖူဆယ်အသင်းက ၅ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် မြန်မာဖူဆယ်အသင်းက အိန္ဒိယဖူဆယ်အသင်းကို ခြေစွမ်းပိုင်းအသာ၊ ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပထမပိုင်းတွင် မြန်မာဖူဆယ်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း မြန်မာဖူဆယ် အသင်းကပင် ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ကာ အိန္ဒိယဖူဆယ် အသင်းကလည်း ပြန်လည်ဖိအားပေး ကစားရန်ကြိုးပမ်းခဲ့ပြီး ဒုတိယပိုင်းအစတွင် အိန္ဒိယဖူဆယ်အသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း အိန္ဒိယအသင်းဂိုးသမား အနီကတ်ပြသခံခဲ့ရပြီးနောက် မြန်မာအသင်းက တစ်ယောက် အသာစီးဖြင့် ကစားခွင့်ရရှိခဲ့ပြီး နှစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာဖူဆယ်အသင်းက အိန္ဒိယဖူဆယ်အသင်းကို ငါးဂိုးနှစ်ဂိုးဖြင့် အနိုင်ရှိခဲ့ခြင်းဖြစ်သည်။
AFC Futsal Asian Cup ပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာဖူဆယ်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်ကလည်း ပါလက်စတိုင်း ဖူဆယ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ အိန္ဒိယအသင်းကိုပါ ထပ်မံအနိုင်ရရှိခဲ့ သည့်အတွက် အုပ်စုနှစ်ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပြီး အုပ်စုတစ်ပွဲကစားရန် ကျန်ရှိနေသည့် အချိန်တွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
AFC Futsal Asian Cup ပြိုင်ပွဲခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၁ရက်တွင် မြန်မာဖူဆယ်အသင်းနှင့် အိမ်ရှင် တာဂျစ်ကစ္စတန်ဖူဆယ် အသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။