ချစ်ခြင်းတရားနဲ့ပြည်ထောင်စု တည်ထောင်ပြုစို့ ညီညီညာ
မြဝတီရုပ်မြင်သံကြားစတင်ပေါ်ပေါက်လာချိန်တွင် ကျွန်တော်လူလားမြောက်ခဲ့ပါသည်။ သိလွယ်မှတ်လွယ်သော အရွယ်မို့ ထိုခေတ်အခါက မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သော တိုင်းကျိုးပြည်ပြု တေးသီချင်းများအား ယနေ့ထက်တိုင် နားထဲစွဲမြဲနေခဲ့သည်။ ပြည်သူတို့ပါးစပ်ဖျား နားရည်ဝခဲ့သည့် တေးသီချင်းများအနက်မှ ယနေ့ထက်တိုင် ကျွန်တော့်နှလုံးသားထဲတွင်လည်း စွဲမြဲနေသော သီချင်းတစ်ပုဒ် ရှိနေပါသည်။ ၂၀ ရာစု နှောင်းပိုင်းကာလအတွင်း ပြိုကွဲသွားသော ကမ္ဘာ့နိုင်ငံကြီးများကို သင်ခန်းစာယူလျက် မိမိတို့တိုင်းပြည်ကြီး မပြိုကွဲရလေအောင် ဖန်တီးခဲ့သည့် တေးသီချင်းမှာ ဆရာမြသန်းစံရေးစပ်ခဲ့သည့် ချစ်ခြင်းတရားနဲ့
ပြည်ထောင်စု သီချင်းပင်ဖြစ်ပါသည်။
အခိုင်မာဆုံးသောပြည်ထောင်စုတွေ
ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျက်ရှိကြသည်
အယူအဆအမျိုးမျိုး လိုရာဆွဲကာ
စစ်ခင်းလျက်ရှိကြသည်
လူမမည်ကလေးများ
အဘိုးအဘွားနဲ့သားသည်မိခင်
ရတက်မအေးရပြီ...
ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ
အခြေအနေအရပ်ရပ်ကို
အစဉ်သုံးသပ်ကြမည်
အနာဂတ်အကျိုးအတွက်
မျှော်ရည်မှန်းကာ
ချစ်ခြင်းတရားမြဲမည်
ပြည်ထောင်စုသားတွေ မကွဲမပြားဘဲ နှလုံးသားနဲ့ သတိမူကြရင်
ရတက်အေးရလိမ့်မည်... ဟူသော အဓိပ္ပာယ်လေးနက်သည့် စာသားများ ပါဝင်သည့် တေးသီချင်းလေးကို နားဆင်ရင်း ငြိမ်းချမ်းရေးမှ ဆင့်ပွားပေါက်ဖွားလာသော ခံစားမှုရသများကို အတွေးများ ဖြန့်ကြက်မိသည်။
ကမ္ဘာ့မြေပုံများကိုလေ့လာကြည့်ပါက ကျွန်တော်တို့နိုင်ငံသည် အခြားသောနိုင်ငံများနှင့်မတူ တစ်မူထူးကဲစွာတည်ရှိနေသည်။ ကချင်ပြည်နယ်မှအစပြုလျက် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှသည် တနင်္သာရီကမ်းရိုးတန်းအထိ ရေးဆွဲထားသော မြန်မာ့မြေပုံသည် စွန်တစ်ကောင်၏ ပုံသဏ္ဌာန်နှင့်ပင် တူညီနေပါသေးသည်။ ၁၂ လ ရာသီပတ်လုံး ညီညွတ်မျှတသော ရာသီဥတုနှင့် တောင်ပေါ်မြေပြန့်ရှိ ရာသီမရွေးစိုက်ပျိုးနိုင်သော မြေဆီမြေနှစ်များကလည်း အခြားသောနိုင်ငံများတွင် တွေ့နိုင်ခဲသည့် သဘာဝမြေဆီလွှာတို့ပင်ဖြစ်၏။ ထိုသို့သော မြေဆီလွှာထက် အဖိုးတန်သစ်တောကြီးများစွာ ပေါက်ရောက်နေသကဲ့သို့ မြစ်ချောင်းအင်းအိုင်များ ပေါကြွယ်ဝမှုကြောင့်လည်း စိုက်ပျိုးရေဖူလုံခြင်းနှင့်အတူ ဝမ်းရေးအတွက်ပါစိတ်အေးရစေပြန်သည်။ ကမ္ဘာ့ပထဝီအနေအထားအရလည်း ကမ္ဘာကြီး၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပေါင်းကူးပေးထားသည့် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျကျ တည်ရှိနေသကဲ့သို့ အာရှတိုက်တောင်ပိုင်း အိန္ဒိယတိုက်ငယ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်အကြား တည်ရှိနေပြန်ပါသေးသည်။ ထိုသို့သော ဘက်စုံကောင်းမွန်သည့် ရေခံမြေခံများစွာကြောင့်ပဲ သမိုင်းတစ်ကွေ့မှသည် ယနေ့ထက်တိုင် အမိမြန်မာနိုင်ငံတော်ကြီးအား နယ်ချဲ့တို့က လက်ဝါးကြီးအုပ်လိုကြခြင်းဖြစ်သည်မှာ မေးခွန်းထုတ်ဖွယ်မရှိပါချေ။ နေမဝင်အင်ပါယာအဖြစ် ကြွေးကြော်ခဲ့သည့် ဗြိတိသျှနယ်ချဲ့တို့သည် ကျွန်ုပ်တို့၏ အမိနိုင်ငံတော်ကိုလည်း အလွတ်မပေးဘဲ ကိုလိုနီလက်အောက် အတင်းအဓမ္မသွတ်သွင်းခဲ့ကြသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနီးပါးဖြင့် နယ်ချဲ့စနစ်ကိုဆန့်ကျင် တွန်းလှန်လာသည့်နောက် လွတ်လပ်ရေးမပေးလျှင် မဖြစ်တော့သည့် နောက်မှာမှ တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်သည့်စနစ်ကို အသက်သွင်းခဲ့ကာ လွတ်လပ်ရေးကို ပေးခဲ့ကြသည်။ ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံအားလွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများအား ယင်းတို့၏ခြေကုပ်စခန်းများအဖြစ် ထားရှိလိုခဲ့ကြသည်။ တောင်တန်းဒေသများနှင့် မြန်မာပြည်မပူးပေါင်းမှုမရှိစေရန် အမျိုးမျိုးဝါဒဖြန့်ခဲ့ကြသည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တောင်တန်းဒေသများအထိ သွားရောက်ကာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက် လုံးပန်းဆောင်ရွက်နေချိန် ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘုရင်ခံ ဒေါ်မန်စမစ်ကိုယ်တိုင် မြစ်ကြီးနားသို့သွားရောက်ကာ သူတို့၏စက္ကူဖြူစီမံကိန်းအရ ကချင်တိုင်းရင်းသားတို့အနေဖြင့် မြန်မာနိုင်ငံထဲမပါဝင်ဘဲ တစ်သီးတခြားနေလိုက နေနိုင်ကြောင်း ပြောကြားခဲ့လေသည်။ ထို့ပြင် ကချင်တိုင်းရင်းသားတို့ အဆင့်အတန်းမီအောင် နေနိုင်ရန်အတွက် မိမိကထောက်ပံ့ကူညီမည်ဖြစ်ကြောင်း၊ ဆေးရုံများ ကျောင်းများကို ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ ကချင်တိုင်းရင်းသားတို့ကို ကိုလိုနီလက်အောက်ခံအဖြစ် နေထိုင်စေရေး ကြိုးပမ်းခဲ့လေသည်။
နောက်ဆုံးတွင် လွတ်လပ်ရေးကိုပေးအပ်ခဲ့ရသော်ငြား ၎င်းတို့၏မူလအစီအစဉ်အတိုင်း တိုင်းရင်းသားစည်းလုံး
ညီညွတ်မှု ပြိုကွဲရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ အမိနိုင်ငံတော်အတွက်မူကား ကိုယ်ပိုင်အချုပ်အခြာ အာဏာကို ပြန်ရခဲ့သည့်တိုင် နယ်ချဲ့ဗြိတိသျှတို့ အကြံအစည်ကား အထမြောက်ခဲ့လေသည်။ လွတ်လပ်ရေးရပြီးမကြာမီမှာပင် တောခိုသူခို၊ အခြားသော လက်နက်ကိုင်အဖွဲ့များ ဖွဲ့သူဖွဲ့ဖြင့် တစ်တိုင်းပြည်လုံး သူတစ်လူ ငါတစ်မင်းဖြစ်ခဲ့ကြရသည်။
တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်ဟု တင်စားခြင်းခံရသည်အထိပင် နိုင်ငံတော်၏ အခြေအနေအလုံးစုံက စိုးရိမ်ရေမှတ်ထိဆိုက်ကပ်ခဲ့သည်။
၁၉၄၈၊ ၁၉၄၉၊ ၁၉၅၀ ပြည့်နှစ်ကာလများအတွင်း ဆိုရှယ်လစ်နှင့်ကွန်မြူနစ်၊ ကွန်မြူနစ်နှင့်ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်အချင်းချင်း၊ ရဲဘော်ဖြူအချင်းချင်းတို့၏ လက်နက်ကိုင်တိုက်ပွဲများအပြင် အခြားသော တိုင်းရင်းသားအချင်းချင်း ပစ်ကြခတ်ကြမှုများကြောင့် အကျိုးဆက်အားဖြင့် စိုက်ပျိုးနိုင်သည့်မြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းထိခိုက်ခဲ့ရခြင်း၊ လူဦးရေ ၃ သန်းခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရခြင်း၊ ပြည်သူ ၂၂၀၀၀ နှင့် အစိုးရ၏ မြို့ပြဘက်အမှုထမ်း ၅၇၀၀ အသက်ဆုံးရှုံးရခြင်း၊ အစိုးရပစ္စည်းတန်ဖိုး ဒေါ်လာ ၅ သန်း၊ ပြည်သူများ၏ပစ္စည်း ဒေါ်လာ ၉၅ သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း မှတ်သားခဲ့ရ၏။ ပြည်တွင်းမတည်ငြိမ်ခဲ့ခြင်း၏ ဆိုးကျိုးများပါပေ။
တိုင်းပြည်တွင်း တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် အိမ်စောင့်အစိုးရလက်ထက်တွင် အလင်းဝင်လာသူများအား ပြန်လည်လက်ခံကာ စားဝတ်နေရေးပြေလည်မှုရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက်တွင်လည်း နိုင်ငံတော်ကိုစုပေါင်းထူထောင်နိုင်စေရန်အလို့ငှာ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့၏။ သို့သော် တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးသာ ကြည့်လိုသော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအများစု၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးမှာ အထမမြောက်ဘဲဖြစ်ခဲ့ရလေသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ နိုင်ငံတော်တာဝန်ယူခဲ့သည့် ကာလအတွင်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးမှာ သိသိသာသာတိုးတက်ခဲ့သည်ကိုတွေ့ရှိရ၏။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ လက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့ စုစုပေါင်း အဖွဲ့ ၄၀ အထိ ငြိမ်းချမ်းရေးရယူနိုင်ခဲ့ကြသည်။ အကျိုးဆက်အားဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ခဲ့ကြသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် များပြားလှစွာသော ပိတ်ဆို့မှုများကြားမှ တိုင်းပြည်တစ်ဝန်းလက်ညှိုးထိုး မလွဲသော ဆည်မြောင်းချောင်းကန်များ၊ လမ်းတံတားများ၊ ဆေးရုံဆေးခန်း စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ သာသနိကအဆောက်အအုံများနှင့် ဘုရားကျောင်းကန်များ၊ အားကစားကွင်းများနှင့် တိုင်းပြည်အတွက် လိုအပ်သည့် အခြားသောအခြေခံ အဆောက်အအုံများစွာကို တည်ဆောက်ပေးနိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို အခြေခံကာ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိကြောင်းကို လက်တွေ့ပြသနိုင်ခဲ့သည့် သမိုင်းဝင်ပြယုဂ်တစ်ခုပင်ဖြစ်ပါသည်။
ထိုသို့ အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံတော်၏ အပေါင်းလက္ခဏာများအပေါ် ကျေနပ်မှု မရှိနိုင်သည့် ခေတ်သစ်ကိုလိုနီနယ်ချဲ့များက နည်းလမ်းမျိုးစုံဖြင့် ဝေဖန်ထိုးနှက်လျက် တပ်မတော်နှင့်ပြည်သူ ထပ်မံသွေးကွဲစေရေး ဆောင်ရွက်ကာ တိုင်းပြည်ပြိုကွဲအောင် ဆောင်ရွက်လာကြပြန်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စသည့်နည်းလမ်းအဖုံဖုံဖြင့် ဖိအားများပေးခဲ့ကြပြန်၏။ ထိုသို့သော အရေးများစွာကြားမှ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံး ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက် လာခဲ့ပြီး ထိုအစိုးရသက်တမ်းကာလမှာပင် တိုင်းပြည်၏ သမိုင်းသစ်တစ်ခုဟုဆိုရမည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement)ကို နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်တွင် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်၌ ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့သည့် NCA စာချုပ်သက်တမ်းကာလသည် ယခုလ အောက်တိုဘာလ ၁၅ ရက်တွင် (၈) နှစ်မြောက်ဆီရောက်ရှိခဲ့ပြီဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်လာပါက NCA စာချုပ်အတိုင်း တိတိကျကျလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ကို ၈ နှစ်တာကာလအတွင်း တွေ့မြင်ခဲ့ရ၏။ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းစေရေးအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစတင်ကာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကိုရပ်စဲပြီး ငြိမ်းချမ်းရေးလမ်းကြောင်းဆီ ဦးတည်ခဲ့ပါသည်။ ဧကန်စစ်စစ် တစ်နိုင်ငံ
လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ထိုမျှမကအဓိပ္ပာယ်လေးနက်လှပါသည်။ အေးချမ်းသာယာသော တိုင်းပြည်တစ်ခုမှသည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်တိုင်းပြည်သို့ လှမ်းနိုင်ရေးအထိ ခရီးပေါက်သည့် အဖိုးတန်ခေတ်သစ်လမ်းပြမြေပုံတစ်ခုသဖွယ်လည်း ဖြစ်ပါသည်။ ထိုမြေပုံကြီးရှိနေပါလျက် အခွင့်သာခိုက်မှ မလိုက်ချင်ကြပါလျှင် အမိုက်သူတို့အပြင် ရှိနိုင်ကြတော့မည်မဟုတ်ဟု ဆိုချင်မိသည်။ ယနေ့ နိုင်ငံ့ရေးရာအဖြာဖြာကို တာဝန်ယူထားရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟူ၍လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး ဟူ၍လည်းကောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့တွင် ထည့်သွင်းဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် NCA ၏ အရေးပါမှုကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မွေးဖွားပြီး မြန်မာ့ရေကိုသောက် မြန်မာ့လေကိုရှူရသူပီပီ ဆရာမြသန်းစံစပ်ဆိုထားသည့် တို့အသက်နဲ့ တို့ခန္ဓာတွေ အမြဲရှိသရွေ့ ရင်ထဲမှ တို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိန်းကြဖို့ အဓိဋ္ဌာန်ရည်... ဆိုသည့် သီချင်းအဆုံးသတ် စာသားလေးအတိုင်း အမိနိုင်ငံတော်ကြီးအား ဥမကွဲ သိုက်မပျက် အေးချမ်းသာယာစွာ အစဉ်သဖြင့် တည်ရှိစေလိုသည်။ တောင်ပေါ်မြေပြန့် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအပေါင်းတို့ အနေဖြင့်လည်း အတိတ်သမိုင်းမှသည် ယနေ့တိုင်အောင် ကမ္ဘာ့နိုင်ငံများထဲမှ ပြိုကွဲအောင် ဖြိုခွဲခံလိုက်ရသည့် နိုင်ငံကြီး၊ ငယ်များ၏သာဓကများကို ဆင်ခြင်သုံးသပ်ကာ အေးချမ်းသာယာသောအနာဂတ်နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်လျက် ယခုလ အောက်တိုဘာလ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရပြည့်ဝစွာ ကျင်းပတော့မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကြီးကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ရပါသည်။ ။
ကိုးကား
၁။ (၁၀-၉-၂၀၂၃) ရက်ထုတ် မြဝတီသတင်းစာ
၂။ စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ်မဂ္ဂဇင်း
၃။ ရွှေပြည်တော်မျှော်မဝေးပြီမို့
၄။ တိုင်းရင်းသားလူမျိုးများ၏ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း
နွေကံ့ကော်(မြို့လှ)