လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ

လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ

ဆရာကြီးရှင့်။ ကျွန်မအသက်၂၅ နှစ်ပါ။ လူကပိန်ပါတယ်။ ခန္ဓာကိုယ်က အမြဲပူပါတယ်။ ဆံပင်လည်း ကျွတ်ပါတယ်။ လစဉ်ဓမ္မတာမှန်ပေမယ့် အလွန်ကိုက်ခဲတတ်ပါတယ်။ ပုံမှန်စားသောက်ပေမယ့် ပေါင်ချိန်တိုးမလာပါဘူး။   ဝလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပြပေး ပါဦးရှင့်။

ကိုယ်သားကိုယ်ရေပူတဲ့သူတွေက ဝမ်းထဲမှာလေပူရှိလို့ပါ။  လေပူ ရှိတဲ့သူတွေမှာ မကြာခဏဗိုက်ဆာပြီး စားကောင်းပေမယ့် လူကတော့ လေပူကြောင့် ဝမလာပါဘူး။ တချို့ကလည်း အာဟာရဖြစ်အောင်မစား တတ်လို့  ဝမလာတာလည်းပါပါတယ်။  ကိုယ်သားကိုယ်ရေပူတဲ့အတွက် မနက်စောစောရေချိုးပါ။ ဖြစ်နိုင်ရင် ဦးခေါင်းကနေ ရေလောင်းချိုးပါ။  အပူကင်းစင်ပြီး ဆံပင်လည်းပြန်သန်လာပါလိမ့်မယ်။ ကိုယ်တွင်းမှာ အပူအောင်းမနေဘဲ အောက်ကိုဆင်းစေဖို့ ညအိပ်ရာဝင်မှာ ဒူးအထက်ကနေအောက်ကို ရေလောင်းခြေဆေးပါ။ ရေကို ရေအေး ၁၀ ခွက်ခန့် လောင်း ဆေးပါ။ အဝတ်နဲ့ချက်ချင်းမသုတ်ဘဲထားရင် အပူတွေ  ခြေသလုံးနဲ့ ခြေဖဝါးကနေထွက်နေတာကို အိပ်နေတဲ့အချိန်မှာ ခံစားရပါလိမ့်မယ်။ အိပ်ရာဝင်ချိန်မှာ အာခေါင်မခြောက်စေဖို့၊ လည်ပင်းကိုအပူမတက်စေဖို့  ရေအေးတစ်ခွက်သောက်ပြီးမှအိပ်ပါ။  သနပ်ခါးလိမ်းရင်လည်း ရေသန့် နဲ့သွေးပြီး  အနည်းငယ်လျက်ပေးပါ။ ဆံပင်ကျွတ်တာ အပူနာသဘောပါ။ ရှေးလူကြီးတွေက ရာသီစာအဖြစ် လက်ပံခေါင်းချဉ်ရည်ဟင်းချက်စားရင် အသားအေးစေတယ်လို့ပြောပါတယ်။ မန်ကျည်းရွက်နုကိုသုပ်စား တာ၊ ကင်ပွန်းချဉ်ရွက်နဲ့ငါးလေးချဉ်ရည်ဟင်းချက်စားတာ၊ မန်ကျည်းမှည့်ဖျော်ရည်သောက်တာ စတာတွေက  အပူငြိမ်းစေတဲ့ဓာတ်စာတွေပါ။ အဆစ်အမျက်တွေပူပြီး ကိုက်တယ်ဆိုရင် တရုတ်စံကားပွင့်ပြုတ်ပြီး သုပ် စားရင် ပျောက်ပါတယ်။ တချို့အလွန်ပိန်တဲ့မိန်းကလေးတွေမှာ မီးယပ် ဖြူလည်းဆင်းတတ်ပါတယ်။ မီးယပ်ဖြူဆင်းရင် မီးကွင်းဂမုန်းရွက်ကို ရေသန့်စင်အောင်ဆေး၊ ပါးပါးလှီးပြီး မြေပဲဆန်နဲ့အသုပ်ပြုလုပ်စားရင် မီးယပ်ဖြူဆင်းပြီး ကိုယ်သားကိုယ်ရေပူတာ သက်သာစေပါတယ်။ ဆံပင်ကျွတ်တာများရင် ထောလပတ်ရွက်ကို အုန်းဆီနဲ့စိမ်ပြီး ညအိပ်ရာဝင်ခါနီး ဦးခေါင်းကိုလိမ်းအိပ်ပါ။ အပူငြိမ်းစေဖို့အတွက် ဆေးစားချင်ရင် တိုင်းရင်း ဆေးအမှတ်(၁၆)  အပူငြိမ်းသွေးဆေးကို  တစ်နေ့နှစ်ကြိမ်  ရေအေးနဲ့ ကော်ဖီဇွန်းတစ်ဇွန်းကနေ  နှစ်ဇွန်းသောက်ပေးပါ။ အစာစားပြီးတိုင်း တိုင်းရင်းဆေးအမှတ်(၇) နွယ်ချိုကဲဆေးကိုလျက်ပေးပါ။  လူဝစေလိုရင် ညအိပ်ရာ ဝင်ချိန်နောက်မကျဘဲ စောစောအိပ်ပါ။  အိပ်မပျော်ရင် တိုင်းရင်းဆေးအမှတ် (၁၅) သည်းခြေဆေးကို ရေအေးနဲ့ ကော်ဖီဇွန်းတစ်ဝက်ခန့်သောက်ပေးရင် ကောင်းစွာအိပ်ပျော်ပါတယ်။  အအိပ်မှန်၊ အစားမှန်ပြီး သွေးသားလစဉ်မှန်ရင်၊ မီးယပ်ဖြူမဆင်းရင်  အမျိုးသမီးတွေ ဝပြီး အသားအရေစိုပြည်လာမှာပါ။

ဆရာကြီးရှင့်။ ကျွန်မအသက် ၄၅ နှစ်ပါ။ နှစ်လ၊ သုံးလခြားမှတစ်ခါ ဓမ္မတာလာပါတယ်။  ညဘက်ဆိုရင် ကောင်းကောင်းအိပ်မပျော်ပါဘူး။ အိပ်ရာစောစောဝင်ပေမယ့် တစ်ရေးပြန်နိုးလာတဲ့အခါ အတော်ညဉ့်နက်တဲ့အထိ ပြန်အိပ်မပျော်ပါဘူး။  ညအိပ်မပျော်ရင်  နောက်တစ်နေ့မှာ ခေါင်းမကြည်ဘဲ ခြေလက်အကြောတွေလည်း တောင့်တင်းနေပါတယ်။ ခြေဖဝါးတွေလည်းကျိန်းပြီး ဖနောင့်တွေကလည်း လမ်းသွားများရင် နာပါတယ်။ ဆရာဝန်တွေပြတော့  အရိုးပွလို့ ဖနောင့်အတက်ထွက်ချင် တာလို့ပြောပါတယ်။ ကျွန်မဖြစ်နေတာတွေကိုသက်သာစေဖို့ ဆေးဝါးဓာတ်စာများ လမ်းညွှန်ပေးစေလိုပါတယ်။

အမျိုးသမီးတွေ သွေးဆုံးချိန်က အသက် ၄၅ နှစ်ကနေ  ၅၅ နှစ် အတွင်းဖြစ်နိုင်ပါတယ်။   သွေးဆုံးချိန်မှာ   ဒါမှမဟုတ် သွေးဆုံးခါနီးအကြိုနှစ်တွေမှာ စိတ်လက်မကြည်သာတာ၊ ကိုယ်လက်အဆစ်အမျက် တွေ ညောင်းညာကိုက်ခဲတာ၊ ညအိပ်မပျော်တာတွေဖြစ်လေ့ရှိပါတယ်။အနောက်တိုင်းအလိုကတော့ သွေးဆုံးချိန်မှာ အရိုးပွတာ၊ အရိုးကျီးပေါင်း တက်တာ၊ ဖနောင့်ရိုးအတက်ထွက်တာ၊  ခါးကျီးပေါင်းတက်တာတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ကိုယ်ထဲကအပူတွေ အထက်ကိုတက်တာကြောင့် ဆံပင်တွေလည်း ကျွတ်တတ်ပါတယ်။ အရိုးပွတဲ့အချိန်မှာ ချော်လဲရင် အရိုးကျိုးလွယ်တာကြောင့်  လှေကားအတက်အဆင်း၊  ရေအိမ်အတက်အဆင်းတွေမှာ  အထူးသတိထားရပါမယ်။ သွေးဆုံးချိန်မှာ အသားတွေကို တတ်နိုင်သမျှလျှော့စားပြီး ငါးနဲ့ဟင်းသီးဟင်းရွက်ကို များများစားပေးပါ။ အဆင်းအတက်ကို ရှောင်ရမယ်ဆိုပေမယ့် လမ်းကိုတော့ တစ်နေ့တစ်နာရီ လောက်လျှောက်ပေးရင် သွေးလည်ပတ်မှုကောင်းပြီး  သွေးဆုံးချိန်မှာ လူတအားဝလာတာမျိုး မဖြစ်စေနိုင်ပါဘူး။ ညအိပ်ရာဝင်ခါနီးမှာ ခြေနှစ်ဖက်ကို ဒူးအထက်ကနေအောက် ရေဆေးပြီးမှအိပ်ပါ။ ခြေဖနောင့်တွေ နာတယ်ဆိုရင် ဇလုံအတွင်း ဆား ၁၀ ကျပ်သားခန့်ထည့်၊ ရေနွေးနဲ့ ဖျော်၊ ရေအေးရောပြီး ခြေဖနောင့်နဲ့ ခြေချင်းဝတ်နှစ်ဖက်မြုပ်အောင် စိမ်ပေးပါ။ မိနစ် ၂၀ ခန့် စိမ်ရပါတယ်။ သွေးဆုံးချိန်မှာ လေပူမထစေဖို့ ဖီးကြမ်းငှက်ပျောသီး တစ်နေ့နှစ်လုံး၊ သုံးလုံးစားပေးပါ။ ညအိပ်ရာဝင်ခါနီး ပျားရည်တစ်ဇွန်းနဲ့ ရှောက်ရည်သုံးဇွန်း ရောစပ်သောက်ပေးရင် နှလုံးငြိမ်ပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ သွေးပျစ်ပြီး   ခေါင်းမူးတတ်တဲ့အတွက် ရေနွေးမတ်ခွက် တစ်လုံးမှာ ချင်းတက်ခုနစ်လွှာခန့် ပါးပါးလှီးပြီး သံပရာသီးတစ်ခြမ်းထည့်၊ ရေနွေးပူပူနဲ့စိမ်ပြီး  အုပ်ထားပါ။ အဲဒီချင်း၊ သံပရာရေကျက်အေးကို မတ်ခွက်တစ်လုံးကုန်အောင် ဖြည်းဖြည်းချင်း တစ်နေကုန်သောက်ပေးပါ။ သွေးဆုံးချိန်မှာ သွေးလေချောက်ချားပြီး တောင်တွေးမြောက်တွေး ဖြစ်တတ်တာမို့ ညအိပ်ရာမဝင်မီ ပုတီးစိပ်တာ၊ တရားမှတ်တာတွေပြုလုပ်ရင် ပူပင်သောကတွေလျော့ကျပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။   တိုင်းရင်းဆေးဝါးသုံးစွဲချင်တယ်ဆိုရင်  တိုင်းရင်းဆေးခန်းသုံး  ဆေးအမှတ်(၁၆)  အပူငြိမ်းသွေးဆေးနဲ့ သွေးသားသန့်စင်စေတဲ့ တိုင်းရင်းဆေးအမှတ် (၁၇) သွေးဆေးနီကြီးတို့ကို ဆတူရောစပ်ပြီး ဆေးချိန်လေးပဲသားခန့်  နေ့စဉ်သောက်သုံးသင့်ကြောင်း ရှေးဆရာကြီးများ ညွှန်ကြားလေ့ရှိပါတယ်။ ကြွက်သားတွေနာရင်၊ အကြောတင်းရင်  သံလွင်ဆီလိမ်းပေးပါ။ ခြေသလုံး၊ ဒူး၊  ဖနောင့်အဆစ်တွေ ကိုက်ခဲရင်  မုန်ညင်းဆီထဲမှာ ချင်းတက်အနည်းငယ်ထုခြေထည့်၊  မီးနဲ့ ဆူအောင်ချက်ပြီး အဲဒီဆီကို  ညအိပ်ရာဝင်ချိန်နဲ့  အားလပ်ချိန်တွေမှာ အသားထဲစိမ့်ဝင်အောင် လိမ်းပေးပါ။  မီးယပ်သွေးဆုံးကောင်းဖို့အတွက် အားဆေးကတော့  ရှားစောင်းလက်ပပ်ချက်ဆေးဖြစ်ပါတယ်။ တိုင်းရင်းမြန်မာဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ သွေးဆုံးချိန်မှာ သွေးတိုး၊ ဆီးချို၊ အဆီတိုးရောဂါတွေ ဝင်လာတတ်လို့ အနောက်တိုင်းဆရာဝန်ကြီး တွေနဲ့လည်း   ပြသစစ်ဆေးသင့်ပါတယ်။  သွေးဆုံးချိန်မှာ  ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို ဂရုတစိုက် သောက်သုံးသင့်ပါတယ်။

ဆရာကြီးခင်ဗျာ။ အခုလိုရာသီမှာ  မိုးရွာလိုက်၊  နေပူလိုက်ဖြစ်ပြီး ကလေး၊ လူကြီးအတော်များများ မျက်စိနာတာ၊  မျက်စိရောင်တာတွေဖြစ်ကြပါတယ်။ ကျွန်တော်ကတော့ မျက်စိမနာဘဲ မျက်ခွံတွေယားလို့ မကြာခဏပွတ်ရာကနေ  မျက်စိတွေကျိန်းစပ်နေပါတယ်။  ဘယ်လိုဆေးမျိုးတွေ သုံးစွဲရမလဲဆိုတာ ပြောပြပေးပါခင်ဗျာ။

မျက်စိနာတာ၊ မျက်ခွံတွေယားတာအတွက် မန်ကျည်းခေါက်ကို ဆား အနည်းငယ်နဲ့ ရောသွေးပြီးလိမ်းပါ။ မန်ကျည်းမှာ  မန်ကျည်းပနီခေါက်ကတော့ ပိုကောင်းပါတယ်။ မျက်စိနီတာ၊ ရဲတာအတွက် ကျားမနိုင်မြစ်ကို  သွေးလိမ်းရင်ပျောက်ပါတယ်။  တခြားဆေးမြစ်တစ်မျိုးကတော့ စာသငယ်ဦးနှောက်လို့ခေါ်ပါတယ်။ ပရဆေးဆိုင်တွေမှာ မေးဝယ်ရင် ရပါတယ်။ အဲဒီဆေးမြစ်ကို သွေးလိမ်းရင် မျက်စိနာတာ၊ မျက်ရည်ပူကျတာ၊ မျက်ရိုးကိုက်တာ၊ မျက်စိသူငယ်အိမ်စောင်းတာကအစ ပျောက် ကင်းတယ်လို့ဆိုပါတယ်။   မျက်စဉ်းကတော့   ဆရာဝန်ညွှန်ကြားတဲ့ မျက်စဉ်းကိုပဲခတ်ပါ။  မျက်စဉ်းမရှိရင်တော့   ကြွေပန်းကန်လုံးထဲမှာ ဆားမန် ကျည်းစေ့ခန့်ထည့်၊ ရေသန့် ဒါမှမဟုတ် မိုးရေထည့်ပြီး အနည်ထိုင်အောင်ထားပါ။  အရည်ကြည်ကို ဝါဂွမ်းနဲ့တို့ပြီး  မျက်စဉ်းခတ်ပေးပါ။  တော်ရုံမျက်စိနာတာ၊  အောင့်တာ  ဆားရည်ကြည်နဲ့ သက်သာ စေနိုင်ပါတယ်။

ကျွန်မကလေးရဲ့လျှာမှာ ဖြူဖြူအနှစ်တွေတက်ပြီး  နို့မစို့နိုင်ဖြစ်နေပါတယ်။ လူကြီးတွေမေးကြည့်တော့ မှက္ခရုလို့ပြောပါတယ်။ ပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲရှင့်။

မှက္ခရုပေါက်ရင် ပရဆေးဆိုင်မှာ လက်ချားကို မေးဝယ်ပါ။ လက်ချားဖြူဖြူအခဲလေးတွေကို သံပြားပေါ်မှာတင်ပြီး မီးအပူပေးပါ။ ပေါက်ပေါက် ဖောက်သလိုပွင့်တာကြောင့်   လက်ချားမီးဖောက်လို့ ခေါ်ပါတယ်။ အဲဒီလက်ချားမီးဖောက်ကိုကြိတ်၊  အမှုန့်ပြုပြီး  ကလေးလျှာမှာပွတ်ပေးရင် မှက္ခရုပျောက်ပါတယ်။

 ကလေးသွားနဲ့ သွားဖုံးအခြေမှာ အပူကန်ပြီး အနာတွေလိုဖြစ်နေပါတယ်။ ရက်တော်တော်ကြာပါပြီ။ မပျောက်ပါဘူး။ လူကြီးတွေက ရေစီးကမ်းပြိုဖြစ်တာလို့ပြောပါတယ်။  တောနယ်မှာဆိုတော့  သွားဆရာဝန်လည်းမရှိလို့ ဘယ်လိုလုပ်ရမယ်ဆိုတာပြောပြပေးပါရှင့်။

ကလေးနို့တိုက်ရာမှာ ဒါမှမဟုတ် အစာဝါးခွံ့ရာမှာ ခံတွင်းမသန့်ရှင်းတာကြောင့်ဖြစ်ပါတယ်။   ဒန္တသုခမြစ်ပြုတ်ရည်ကိုငုံပြီး  ထွေးခိုင်းပါ။ ကွမ်းသီး၊ ရှားစေး၊ ကွမ်းရွက် သုံးမျိုးကိုရော၊ မီးဖုတ်ပြီးပြာချ၊ အဲဒီပြာကို သွားခြေမှာ သိပ်ပေးပါ။ သရက်ပင်က ကျီးပေါင်း၊ ထနောင်းခေါက်၊ တမာရွက် သုံးမျိုးကိုရောပြုပ်ပြီး ပလုတ်ကျင်းပေးပါ။ ရက်ရှည်လုပ်ရင် ပျောက်ကင်းပါတယ်။

ကြည်လွင်မြင့်(မုဒြာ)