နေပြည်တော်၊ နိုဝင်ဘာ - ၁၈
ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲ၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း သိရသဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်၊ အားကစားခန်းမ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
အဆိုပါသွေးလှူဒါန်းမှုတွင် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၈ ဦးတို့က သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ယင်းသို့ သွေးလှူဒါန်း နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် လှူဒါန်းရရှိသည့် 500 ml သွေး (၅၈)လုံးအား ပုသိမ်မြို့အထွေထွေ ရောဂါကုဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြောင်းနှင့် COVID-19ရောဂါစတင် ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိစုပေါင်းသွေးလှူဒါန်းမှု(၆)ကြိမ်၊ သွေးလှူဒါန်းသူ ၃၂၀ ဦးနှင့် 500 ml သွေး (၃၂၀) လုံးလှူဒါန်းပြီးဖြစ်ကြောင်း သတင်းရရှိသည်။