တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှသည် ထာဝရငြိမ်းချမ်းရေးဆီသို့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှသည် ထာဝရငြိမ်းချမ်းရေးဆီသို့

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅

ရက်သည်  အစိုးရ၊  တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(Nationwi-de Ceasefire Agreement-NCA)ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ပင်ဖြစ်သည်။

ထို့ပြင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NCA ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသဖြင့် လက်ရှိအချိန်တွင် NCA ၌ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့အထိရှိနေပြီဖြစ်သည်။  ကျန်အဖွဲ့များအနေဖြင့်လည်း NCA ၌ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးလျက်ရှိသည်။

သမိုင်းဝင်စာချုပ်

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်ဖြစ်သည်။ ထာဝရတည်ရှိနေမည့်စာချုပ်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် ၈ နှစ်မြောက်  NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃)၌ အတိအလင်း ပြောကြားသွားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့ ရှိပါတယ်။   တိုင်းရင်းသား ခေါင်းဆောင် တွေလည်း  လက်လှမ်းမီသလောက်    အကုန်ဖိတ်ပါတယ်။

ပြည်ပနိုင်ငံတွေလည်း  အခုဖိတ်နေပါပြီ။

ကျွန်တော် Personal အကုန်စာတွေရေးပြီးဖိတ်ပါတယ်။  တချို့ကလည်း တယ်လီဖုန်းနဲ့၊ တချို့ကလည်းစာနဲ့ရေးပြီး ဖိတ်တာတွေ ရှိတယ်။ တချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့ သူလည်းမလာနိုင်ဘူး။ သို့သော်လည်း အဓိကကျတဲ့  သူတို့ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာတွေရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင်  ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့ လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ ရှိရင် ဒီအခမ်းအနားကို  လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။

ရသလောက်  ကျွန်တော်လုပ်သွားမှာပဲ။

ရအောင်လုပ်သွားမယ်။   အဲ့ဒီတော့ ဒီအပေါ်မှာကျွန်တော်တို့အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှူရှူ ရောက်မယ်ဆိုတာကို  တွေ့ပါတယ်။

ဒါလေးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့အတွက်   တိုက်တွန်းလိုပါတယ်ဟု စက်တင်ဘာလ ၂၈ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၃)၌ တိုက်တွန်းပြောကြား သွားခဲ့သည်။

တိုးတက်လျက်ရှိ

အမှန်တော့မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော အစိုးရအဆက်ဆက်သည် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်   တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သက်ဆိုင်သူ များအကြား    အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊  စိတ်ရှည်သည်းခံ ခွင့်လွှတ်မှုတို့ကို အခြေခံလျက်    ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းကြောင့် ထာဝရငြိမ်းချမ်းရေးအတွက် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် NCA ၌  ပါဝင်လက်မှတ်ရေးထိုးထားသည့်    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ အထိရှိလာပြီဖြစ်သည်။ အမှန်တော့   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာခြင်းပင်ဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထား

တပ်မတော်အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးအတွက်    နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုက်ခိုက်မှုရပ်စဲထားရှိသည်။  ဆိုရလျှင် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေး  ရရှိရေးအတွက် စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခြင်းဖြစ်သည်။ စင်စစ်အားဖြင့် တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ များလက်ဝယ်သို့ အရောက်အပ်နှင်းနိုင်ရန် သန္နိဋ္ဌာန်   ချမှတ်ထားရှိပြီးဖြစ်သည်။ ချမှတ်ထားသည့် ထိုသန္နိဋ္ဌာန် အတိုင်းလည်း တစိုက်မတ်မတ် အကောင်အထည်ဖော်လျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ဒေသတည်ငြိမ်အေးချမ်းမှုရှိပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ပြီး ဒေသတစ်ခုချင်းအလိုက် တည်ငြိမ်အေးချမ်းမှုရှိခြင်းမှသည် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း    သိရှိနားလည်လက်ခံရန်လိုအပ်သည်။ အလားတူ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်ကိုလည်းကောင်း၊  လမ်းပန်းဆက်သွယ်မှု  လုံခြုံချောမွေ့စေရေးကိုလည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း  ထိခိုက်မှုမဖြစ်စေရန် ဆောင်ရွက်သွားဖို့ လိုအပ်ပါသည်။

ငြိမ်းချမ်းရေးသည်သာလျှင်

ငြိမ်းချမ်းရေးဆိုသောစကားရပ်သည်လူတိုင်း၏စိတ်နှလုံးကို ချမ်းမြေ့စေသည်မှာအမှန်။ ထိုနည်းတူစွာ တည်ငြိမ်အေးချမ်းမှုရှိသော ပတ်ဝန်းကျင်တွင်လည်း တရားဥပဒေစိုးမိုးပြီး   ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။  စင်စစ်အားဖြင့် ငြိမ်းချမ်းရေးသည်  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပင်မရေသောက် မြစ်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွက်   အသက်တမျှအရေးပါသော ထိုငြိမ်းချမ်းရေးအား ရယူတည်ဆောက်နိုင်ရန်သည် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှား၍ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်သွားရန်လိုအပ်ပါသည်။

ယုံကြည်မှုကို ဦးစွာတည်ဆောက်ပြီးမှသာ   ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။    ဆိုလိုသည်မှာ နိုင်ငံသားများအကြား  သံသယပွားနေသမျှ  ကာလပတ်လုံး ထာဝရငြိမ်းချမ်းရေးသည်    အလှမ်းကွာဝေးနေဦးမည်ဖြစ်သည်။

အတိတ်ကမည်သို့ပင် ဖြစ်ခဲ့စေကာမူ လက်ရှိပစ္စုပ္ပန်တွင်ရှိသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အနာဂတ်အတွက် ရိုးသားပွင့်လင်းသည့် စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်သွားသင့်ပေသည်။ ထိုသို့ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်   ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်သည့်အချက်များကို အထူး သတိထား ရှောင်ကြဉ်သွားရန်လည်း လိုအပ်ပါသည်။ ပြည်သူအားလုံး၏တူညီသော ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေး ရရှိရေးသာဖြစ်သောကြောင့် နှစ်ဖက်အဖွဲ့အစည်းများအကြား   ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားမည်ဆိုလျှင်   ထာဝရငြိမ်းချမ်းရေးအတွက် သဘောတူညီချက်များ မရရှိရန်အကြောင်းမရှိဟု ဆိုချင်ပါသည်။

ဆိုရလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် လွတ်လပ်ခြင်း၊ ညီညွတ်ခြင်း၊ မျှတခြင်းဆိုသည့် လောကပါလတရားနှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို   ဖော်ဆောင်ရာတွင် တစ်ဦးအပေါ် တစ်ဦးယုံကြည်မှုရှိရန် အထူးလိုအပ်ပေသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စိတ်ကောင်း စေတနာဖြင့် ရိုးသားပွင့်လင်းစွာ ဆွေးနွေးအဖြေရှာသွားသင့်ပါသည်။ အမှန်တော့ တိုင်းရင်းသားပြည်သူများ၏ အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေးရရှိခဲ့ခြင်း ဖြစ်သည်။ ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုး ချင်းအကျိုးထက် တိုင်းပြည်၏ အကျိုးကိုရှေးရှု၍ ဆောင်ရွက်သွားရန်လိုအပ်သည်။ လူတစ်စုကို ကိုယ်စားပြုသည်ထက် ဒေသကို ကိုယ်စားပြုသွားသင့်ပေသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ချဉ်းကပ်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။   မည်သို့ပင်ဆိုစေ NCA သည် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေး   ရရှိရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် NCA အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ  လက်မှတ်မထိုးထားသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အားလုံး တက်ရောက်သွားမည်ဆိုလျှင်   ပြည်ထောင်စုကြီး တည်ငြိမ်၊ အေးချမ်း၊ သာယာဝပြောရေးအတွက် များစွာ ဝမ်းမြောက်ဖွယ် ရာပင် ဖြစ်ပေသည်။   ။

မောင်သောင်းဝင်း(တမန်ဟောင်း)