လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပညာရေးဒီဂရီကောလိပ် ရေဘေးကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၇၀ စု၊ လူဦးရေ ၆၅၀ ဦးနှင့် လှူဒါန်းထားရှိသည့် စားနပ်ရိက္ခာများအား အဆိုပါမြို့နယ်ရှိ ရေဘေးလွတ်ရာ Uniwin အထည်ချုပ်စက်ရုံသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က လှည်းကူး မြို့နယ်၊ စာဘူးတောင်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူ ၁၂၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။