မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သုတ/ ရသ စာအုပ်၊ စာစောင်များ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် မြစ်ကြီးနားတပ်နယ်မှ နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ဒုတိယတိုင်းမှူးနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။