ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ရေပြန်လည်ကျဆင်း၍  ပုံမှန်သွားလာနိုင်ပြီဖြစ်

ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ရေပြန်လည်ကျဆင်း၍  ပုံမှန်သွားလာနိုင်ပြီဖြစ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ-၁၁

အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၄ ပေခန့် ကျော်လွန်မြင့်တက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်းရှိ လူနေရပ်ကွက်များနှင့် အနီးရှိ ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

          အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊  လူမှုရေး အသင်းအဖွဲ့များက သွားရောက်၍ ရေဘေးသင့် ဒေသခံပြည်သူ အိမ်ထောင်စု ၆၂၈၂ စု၊ လူဦးရေ ၂၇၃၀၂ ဦးတို့အား ကူညီ ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုပုံထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက် ပေးနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ယနေ့နံနက်ပိုင်းတွင် ပဲခူးမြစ်ရေပြန်လည်ကျဆင်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် လူနေရပ်ကွက်များနှင့် ကျေးရွာများ၊ လမ်းများ၌ ရေပြန်လည် ကျဆင်း၍ ပုံမှန်အတိုင်း သွားလာရောင်းဝယ်မှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း၊ ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲနိုင်ရေး ရေဖုံးလွှမ်းခဲ့သည့် ရထားလမ်းပိုင်းများအား မြန်မာ့ မီးရထားမှ တာဝန်ရှိသူများက ရထားသံလမ်းများ၏ ကြံ့ခိုင်မှု အခြေအနေများအား စစ်ဆေး၍ လိုအပ်သည့် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။