ပွဲကစားခွင့် ပိတ်ပင်ခံထားရသည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူအသုံးပြုမည် မဟုတ်ကြောင်း ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပြောကြား
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်က ဂျူဗင်တပ်စ်အသင်းတွင် တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံထားရသည့် ပေါ့ဂ်ဘာကို ပြင်သစ်အသင်း၌ ခေါ်ယူအသုံးပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ပေါ့ဂ်ဘာသည် အီတလီစီးရီးအေပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ ကစားခဲ့သည့်ပွဲစဉ်အပြီး ဆေးစစ်မှုများ ပြုလုပ်ရာတွင် တားမြစ် ဆေးတစ်မျိုး အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် အီတလီစီးရီးအေ အဖွဲ့ချုပ်က ပွဲကစားခွင့် ကို အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပေါ့ဂ်ဘာက မိမိအနေဖြင့် တားမြစ်ဆေးသုံးစွဲခြင်း မဟုတ်ဘဲ အမေရိကန်နိုင်ငံထုတ် အားဆေးတစ်မျိုးကိုအသုံးပြုခြင်းဖြစ် သည်ဟု ပြောကြားခဲ့သော်လည်း အီတလီစီးရီးအေ အဖွဲ့ချုပ်က လက်မခံဘဲ ဒုတိယအကြိမ်ဆေးစစ်ခဲ့ရာ တွင် တားမြစ်ဆေးသုံးစွဲထားကြောင်း ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည့်အတွက် မကြာမီ ပြစ်ဒဏ်ချမှတ်ခံရဖွယ် ရှိနေသည်။
နည်းပြဒက်ချမ့်က “အခုလိုရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ ကျွန်တော့်အနေနဲ့ ပေါ့ဂ်ဘာကို ပြင်သစ်အသင်းအတွက် အသုံးပြုမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မသိရသေးသရွေ့တော့ အသင်းမှာ ခေါ်ယူအသုံးပြုမှာ မဟုတ်ပါဘူး” ဟု ပြောသည်။