နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိ

နေပြည်တော်  နိုဝင်ဘာ  ၁၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချို-မန္တလေးသွားကားလမ်း    ရွှေညောင်ပင် ကျေးရွာအဝင်၌ ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သီပေါမြို့နယ်မှ မန္တလေးမြို့သို့ ချစ်မျိုးခိုင် မောင်းနှင်ပြီး စိုးခိုင်လိုက်ပါသော LIFAN  အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ၎င်းအတွင်း၌ ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြားတို့ကို  ထည့်သွင်း သယ်ဆောင်လာကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများအား      မန္တလေးသို့ သယ်ဆောင်ရောင်း/ဝယ်မည် ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ချစ်မျိုးခိုင် ၃၄ နှစ်၊ စိုးခိုင် ၄၆ နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ကာလိမြို့တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ကာလိ-မိုင်းပျဉ်း-တာချီလိတ်ဘက်သို့ ကျော်ဆန်း မောင်းနှင်လာသည့် TOYOTA HiAce အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ  ယာဉ်ခေါင်မိုးပေါ်ရှိ ပစ္စည်းတင်အကန့်အတွင်း စက္ကူဂျပ်ဖာ သုံးဖာနှင့်ယာဉ်အတွင်း ထိုင်ခုံပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှ အိုက်စ် ၈၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသော အိုက်စ်များပိုင်ရှင်မှာ မိုင်းရှူးမြို့ အမှတ်(၄)ရပ်ကွက်နေလောင်ဆိုင်ဖြစ်ကြောင်း သိရသည်။  ယင်းနောက် ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် လောင်ဆိုင်အား ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ကျော်ဆန်း ၄၇ နှစ်၊ လောင်ဆိုင် ၂၈ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး    ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို မိုင်းရှူးမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်မည် ဖြစ်ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။