နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈၅) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနား တက်ရောက်
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တက်ရောက်မိန့်ခွန်းပြော ကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချူပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချူပ်(လေ) ဒုတိယဗိုလ်ချူပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြ သည်။
ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ် များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်အား အလေးပြုကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၅)မှ စံပြလေသူရဲဆုရ ဗိုလ် အာကာထက်ညီ အား လည်းကောင်း၊ လေယာဉ်မောင်းထူးချွန်ဆုရ ဗိုလ် ရဝေအောင်အား လည်းကောင်း၊ စာပေထူးချွန်ဆုရ ဗိုလ် ရဲမာန်အားလည်းကောင်း ထူးချွန်ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် လေယာဉ်မောင်းသင်တန်းကာလတစ်လျှောက် ကိုယ်စိတ် နှစ်ဖြာလုံး အပင်ပန်းခံကာ အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့အတွက် ဒီနေ့မှာ လေသူရဲတောင်ပံကို ဂုဏ်ယူဖွယ် တပ်ဆင်ခွင့်ရခဲ့ကြပြီဖြစ်ပါကြောင်း၊ လေသူရဲ အရာရှိငယ်များဖြစ်လာပြီဖြစ်တဲ့ ရဲဘော်တို့ဟာ သက်ဆိုင်ရာပျံသန်းရေးအုပ် အသီးသီးမှာ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးအပါအဝင် ပေးအပ်လာတဲ့ တာဝန်ဝတ္တရား အမျိုးမျိုးကို ထမ်းဆောင်ကြရတော့မှာ ဖြစ်သည့်အတွက် ပျံသန်းရေးအုပ်အသီးသီးမှာ ပျံသန်းရေး တာဝန်များသာမက ကွပ်ကဲမှု၊ အုပ်ချုပ်မှုနဲ့ အခြားလုပ်ငန်း တာဝန်တွေကိုလည်း သက်ဆိုင်ရာတပ်မှူး အဆင့်ဆင့်ရဲ့ ကွပ်ကဲကြီးကြပ်မှုနဲ့ လက်အောက်အကြပ်စစ်သည် များကို ဦးစီး ဦးဆောင်ကာ ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဘယ်လိုတာဝန် မျိုးပင် ထမ်းဆောင်ရသည်ဖြစ်ပါစေ စစ်သားကောင်းတစ်ယောက်၊ အရာရှိကောင်း တစ်ယောက်ပီသစွာ ကွပ်ကဲကြီးကြပ်မှု အနည်းဆုံးနဲ့ မိမိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်အောင် ထမ်းဆောင်သွားရမှာဖြစ်ကြောင်း မှာကြားလိုပါကြောင်း။
တပ်မတော်(လေ)ဟာ တပ်မတော်ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်တာနဲ့ အညီ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူများအတွက် အန္တရာယ်အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်တိုင်းမှာ ကျရာကဏ္ဍကနေ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ စွမ်းစွမ်းတမံ ပါဝင်ကူညီထမ်းဆောင်ပေးလျက်ရှိပါကြောင်း၊ တပ်မတော်ရဲ့ အဓိက တာဝန်ကြီးသုံးခုဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကိုလည်း ဆထက်တံပိုး ကျေကျေပွန်ပွန် သယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ အခုအချိန်မှာ တပ်အသီးသီးရှိ တပ်မတော်(လေ) အရာရှိ/ စစ်သည်များဟာ လေကြောင်းစစ်ဆင်ရေး တာဝန်များ၊ စစ်ဆင်ရေး အထောက်အကူပြု ပျံသန်းရေးတာဝန်များ၊ နယ်မြေလုံခြုံရေးတာဝန်များ၊ အခြား အထောက်အကူပြု တာဝန်တွေကို နေ့ညရာသီမရွေး စွန့်စွန့်စားစား ထမ်းဆောင်နေ ကြတာကို ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါကြောင်း။
တပ်မတော်(လေ)ကိုလည်း ခေတ်မီလေတပ်မတော် တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ပြီး စွမ်းရည်မြင့်မားတဲ့ ခေတ်မီ လေယာဉ်/ ရဟတ်ယာဉ်များ၊ လက်နက် စနစ်များ၊ စစ်ဆင်ရေး အထောက်အကူပြုစနစ်များ နှစ်စဉ် ဖြည့်တင်းအဆင့် မြှင့်တင် ပေးလျက်ရှိကြောင်း၊ ပြောင်းလဲတိုးတက်နေတဲ့ စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများ ကိုလည်း မိမိတို့ပကတိ အခြေအနေနဲ့ လိုက်လျောညီထွေ လက်တွေ့အသုံးချနိုင်ရန် လေ့လာအဆင့်မြှင့်တင်ကာ လေ့ကျင့်ပေးနေပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးနေတာနဲ့အညီ ရဲဘော်တို့အနေနဲ့လည်း တိုးတက် ပြောင်းလဲ နေတဲ့ စစ်လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနဲ့ စက်မှုနည်းပညာများကို ထိရောက်ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး အတွက် စဉ်ဆက်မပြတ် လေ့လာလေ့ကျင့် ကြိုးပမ်းနေရမှာဖြစ်ကြောင်း သတိပေး မှာကြားလိုကြောင်း။
စစ်ဆင်ရေး၊ လေ့ကျင့်ရေး စတဲ့ပျံသန်းရေးတာဝန်တွေကို နေ့ညအချိန်အခါ မရွေး နေရာဒေသမရွေး အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖို့အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့နဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ဟာ များစွာအရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ အတိုင်း လိုက်နာကျင့်ကြံ နေထိုင်ကြရကြောင်း၊ စိတ်ဓာတ်မြင့်မားကောင်းမွန်ရေးနဲ့ ယုံကြည်ချက် ခံယူချက် မြင့်မားမှန်ကန်ရေးအတွက် စာကောင်းပေမွန်များ ဖတ်ရှု လေ့လာခြင်းဖြင့် သင်ခန်းစာများစွာ၊ အထောက်အကူများစွာ ရရှိစေနိုင်တဲ့အတွက် မိမိကိုယ်တိုင် စာဖတ်ရန်သာမက မိမိရဲ့လက်အောက်ငယ်သားများပါ စာဖတ်ရန် တိုက်တွန်းစည်းရုံး လုပ်ဆောင်သွားကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ဝေဟင်မှအုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း ဧည့်ခန်းမ၌ ထူးချွန် ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်း အရာရှိများအနေဖြင့် သက်ဆိုင်ရာလေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ညပိုင်းတွင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၅) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချူပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချူပ်(လေ) ဒုတိယဗိုလ်ချူပ်ကြီး ဇော်ဝင်းမြင့်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကျောင်းဆင်းအရာရှိများနှင့် တပ်မတော်(လေ) မိသားစုဝင်များက တပ်မတော်(လေ)တေးဂီတအဖွဲ့နှင့်တွဲဖက်၍ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။