မြိတ်မြို့၊ တိုက်ကြီးမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊၂၀၂၃ အောက်တိုဘာ - ၁၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ကော့လိပ်ကုက္ကိုပရိ ယတ္တိစာသင်တိုက်မှ သံဃာတော် ၈၀ ပါးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖက်ဝန်း ကုန်းကျေးရွာ၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်၊ ကျေးရွာများမှ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၀၆ ဦးတို့ကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၈၈ ဦးတို့ကိုလည်းကောင်း သတ်မှတ်နေရာအသီးသီး၌ လိုအပ်သည့် ကျန်းမာရေးစစ် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြား ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။