တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဆေးရုံ၊ ဆေးခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၄
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေး တာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက် ကုသ နေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌လည်းကောင်း၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄) မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၉) မြို့နယ်တို့၌ လည်းကောင်း၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၃) မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ရေတာရှည်မြို့နယ်နှင့် ပြည်မြို့နယ်တို့၌လည်းကောင်း၊ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ဆေးရုံ၊ ဆေးခန်းများရှိ ခြင် ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များတူးဖော်ပေးခြင်း၊ ဆေးရုံးဝန်းအတွင်း/ အပြင် သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် ခြင်၊ ယင် ပိုးမွှားများ ပေါက်ဖွားမှုမရှိစေရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပေးခဲ့ကြောင်း သတင်း ရရှိသည်။